မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၂၈/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည်၂၀၁၈ ခုနှစ် ၊ဩဂုတ်လ ၈ ရက်နေ့မှ ၁၀ရက်နေ့ထိလွိုင်ကော် အကျဉ်းထောင်က ကော်မရှင် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့အကြံပြုခဲ့ပါသည်။

၂။      လွိုင်ကော်အကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    မကြာသေးမီက တွေ့ရှိခဲ့ရသော HIV ရောဂါသည် အကျဉ်းသား ၅ ဦးအတွက်ART ဆေးများရရှိရေး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသဖြင့် အမြန်ဆုံး ရရှိရေး ဆက်လက်ဆောင်ရွက်သင့်ပါသည်။

(ခ)     တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အကျဉ်းသား ၃ ဦးကို မန္တလေးဗဟိုအကျဉ်း ထောင်သို့ အမြန်ဆုံးပြောင်းရွှေ့ခြင်း (သို့မဟုတ်) လွိုင်ကော် အကျဉ်းထောင်၌ပင် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     ဘွဲ့ရအကျဉ်းသား၊ တက္ကသိုလ်ရောက်ရှိ အကျဉ်းသား ၅၆ ဦးကို အခြား စာမတတ် အကျဉ်းသား/အကျဉ်းသူများအား အတန်းပညာများ ပြန်လည် သင်ကြားပြသနိုင်ရေး စည်းရုံးတာဝန်ပေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    စာကြည့်တိုက်တွင် စိတ်ကို ပြုပြင်ပြောင်းလဲစေနိုင်မည့် စာအုပ်စာပေ၊ ဥပမာ- ချစ်နိုင်  (စိတ်ပညာ)၊ လယ်တွင်းသား စောချစ်၊ ဆရာဖေမြင့် စသည့် စာရေးဆရာကြီးများ ရေးသားသော စာအုပ်များ  ထပ်မံဖြည့်ဆည်းပေးသင့်ပါသည်။

( င )   အကျဉ်းထောင်အတွင်း အားကစား ပြုလုပ်နိုင်ရန် နေရာတစ်ခု သတ်မှတ်၍ စီစဉ် ဆောင်ရွက်ပေးသင့်ပါသည်။

( စ )   တိုက်ထဲရှိ အကျဉ်းသားများ လမ်းလျှောက်ချိန်၊ အားကစားပြုလုပ်ချိန်ကို ယခုထက် ပိုမို ပေးသင့်ပါသည်။

(ဆ)    ဖယောင်းပုဆိုးစုတ်ပြဲနေသည့် အိပ်ဆောင်များ၌ဖယောင်းပုဆိုးအသစ်များ လဲလှယ် ပေး သင့်ပါသည်။

(ဇ)     အမျိုးသားအိပ်ဆောင် ၁ ရှိ အခန်း ၆ ခန်းတွင်ရှိသော ဝင်ပေါက်တံခါးများမှာ အမြင့် ၃ ပေ ၆ လက်မ၊ အလျားမှာ ၂ ပေသာ ရှိသဖြင့် ၆ ပေအမြင့် ပြုပြုင်သင့်ပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သောအကျဉ်းသားများကို လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ၃၈နှင့် အညီအလေးထားဂရုပြုဆောင်ရွက်ပေးပါရန် အကြံပြုခဲ့ပါသည်။

                                                       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊ဩဂုတ်လ ၁၇ရက်