မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၂၇/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့မှ ၂၅ ရက်နေ့ထိ ရုံးဝန်ထမ်း ၄ ဦးနှင့်အတူ ဖျာပုံအကျဉ်းထောင်၊ ဆားမလောက် စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ အကြံပြုခဲ့ပါသည်။

၂။      ဆားမလောက်စိုက်/မွေးစခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အိပ်ဆောင်များရှိ ကွပ်ပျစ်များမှာ ပျက်စီးပြီး ကျွံကျနေကြောင်း တွေ့ရှိရသဖြင့် ပြုပြင် ပေးသင့်ပါသည်။

( ခ )   စခန်းရှိမိလ္လာများမှာ သန့်ရှင်းမှု မရှိ၍ သန့်ရှင်းရေးဆောင်ရွက်သင့်သည့်အပြင် စခန်း တွင် နေ့/ညမိလ္လာ ၂ လုံး၊ လုပ်ငန်းခွင်တွင် ၄ လုံးသာ ရှိသဖြင့် ထပ်မံ တည်ဆောက် ပေးသင့်ပါသည်။

( ဂ )   စာကြည့်တိုက်တွင် ဗဟုသုတ ရရှိစေပြီး စိတ်ကို တိုးတက်ပြောင်းလဲစေမည့် စာအုပ် စာပေများ ထပ်မံ ဖြည့်ဆည်းသင့်ပါသည်။

(ဃ)    အကျဉ်းသား အိပ်ဆောင်များသည် ရေများဝန်းရံနေသော ပတ်ဝန်းကျင် ဖြစ်သဖြင့် ယားနာပျောက်ဆေးများ လုံလောက်စွာ ထုတ်ပေးရန်နှင့် ခြင်မကိုက်စေရေး အပတ် စဉ် ဆေးဖြန်းပေးသင့်ပါသည်။

( င )   စခန်းရှိဆေးခန်းကို လက်ရှိအခြေအနေထက် ပိုမို၍ စနစ်တကျ တည်ဆောက်ရန် လိုအပ်ပြီး ဆေးဝါးစုံလင်စွာ ထားရှိ စောင့်ရှောက် ကုသမှုပေးသင့်ပါသည်။

( စ )   အကျဉ်းသားများမှ ဧည့်တွေ့ချိန် နည်းပါးကြောင်း သတင်းပို့ တင်ပြကြသဖြင့် တာဝန်ရှိသူများမှ ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါသည်။

၃။      ဖျာပုံအကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသားများအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ “အ” သုံးလုံးသင်တန်းများကို လစဉ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ခ )   အကျဉ်းထောင်တွင်း တင်ပြထားသော အယူခံကိစ္စရပ်များ၏ တရားရုံးဆုံးဖြတ်ချက် များမှာ အချိန်နောက်ကျပြီးမှ အကျဉ်းထောင်သို့ ရောက်ရှိလာသည့်အပြင် အကျဉ်း ထောင် တာဝန်ရှိသူများအနေဖြင့်လည်း အကျဉ်းသားထံသို့ အချိန်နှင့် တပြေးညီ အကြောင်းကြားမှု မရှိခြင်းကြောင့် နောက်တဆင့် အယူခံတက်ရန်အတွက် အချိန် လုံလောက်မှုမရှိဟု သိရှိရသဖြင့် တရားရုံးမှ အချိန်မီ ရောက်ရှိရေး ညှိနှိုင်းဆောင်ရွက် ရန်နှင့် တရားရုံးမှ ရောက်ရှိသည်နှင့်ချက်ချင်း အကျဉ်းသားများအား အသိပေးနိုင် ရေး၊ အကျဉ်းသားအနေဖြင့် နောက်တဆင့် အယူခံတက်လိုပါက အချိန်မီ ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးသင့်ပါသည်။

( ဂ )   တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦးဖြစ်သည့် အချုပ်သားတစ်ဦးသည် လက်ရှိ တွင် အမှုရင်ဆိုင်နေသူတစ်ဦးဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်း ဆက်လက်တက်ရောက် နိုင်ရေး သက်ဆိုင်ရာ တရားရေးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အကျဉ်းထောင်တွင် ကြမ်းပိုးကိုက်ပြီး ယားနာဖြစ်နေသူများသဖြင့် ဆေးဝါးများ ဖြည့်ဆည်းခြင်း၊ လိမ်းဆေးများ ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ပေးသင့်ပါသည်။

( င )   အိပ်ဆောင်များရှိ ဖယောင်းပုဆိုးများမှာ ကောင်းမွန်မှု မရှိသဖြင့် အသစ်လဲလှယ်ပေး သင့်ပါသည်။

( စ )   စာကြည့်တိုက် နေရာတွင် စာအုပ်စင်များပြုလုပ်၍ စိတ်ဓါတ်ကို တိုးတက်မြင့်မား ပြောင်းလဲစေနိုင်မည့် စာအုပ်များ ထပ်မံဖြည့်ဆည်းပေးသင့်ပါသည်။

(ဆ)    အကျဉ်းသားများ ထမင်းစားရန်နေရာသည် အမိုးမရှိသဖြင့် အမိုးများ ပြုလုပ်ပေး သင့်ပါသည်။

( ဇ )   အကျဉ်းသူများနှင့်အတူ ပါရှိလာသော ကလေးငယ် ၃ ဦးကို ဖြည့်စွက်အစာများ ကျွေးမွေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

( ဈ )   အိပ်ဆောင်များသည် လေဝင်လေထွက် မကောင်းသဖြင့် သင့်လျော်သလို စီစဉ်ဆောင် ရွက်သင့်ပါသည်။

(ည)    မိလ္လာများမှာ အနံ့အသက်ကောင်းမွန်မှုမရှိသဖြင့် အထူးသန့်ရှင်းရေး အခါအားလျော် စွာ ပြုလုပ်ပေးပြီး ပုံမှန်သန့်ရှင်းရေး ပြုလုပ်နိုင်ရန် တာဝန်ရှိသူများမှ ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သောအကျဉ်းသားများကို လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၆ ရက်