မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၂၅/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့်ဒေါက်တာမြင့်ကြည်တို့ ပါဝင်သည့်ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၉ ရက် နေ့မှ ၁၃ ရက်နေ့ထိ ပခုက္ကူအကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများနှင့် ရဲစခန်းအချုပ်ခန်းများ ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ အကြံပြုခဲ့ပါသည်။

၂။      ပခုက္ကူအကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အသက် ၁၈ နှစ်မှ ၂၀ နှစ်အရွယ် အကျဉ်းသား/အကျဉ်းသူ ၂၁ ဦးနှင့် အချုပ်သား/ အချုပ်သူ ၂၅ ဦး ရှိကြောင်း တွေ့ရှိရသဖြင့် လူငယ်များကို စိတ်ဓာတ် တိုးတက် ပြောင်းလဲစေမည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသင့်ပါသည်။

( ခ )   အချုပ်သား/အချုပ်သူများထဲတွင် HIV ​ရောဂါပိုးရှိသူများရှိကြောင်း သတင်းပို့ တင်ပြ ကြသဖြင့် သွေးဖောက်စစ်ဆေးနိုင်ရေး၊ ART ဆေးရရှိရေးနှင့် လိုအပ်သော ကုသမှု ရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ဂ )   အကျဉ်းထောင်ရှိ ဝန်ထမ်းလိုင်းခန်းအချို့မှာ ခိုင်ခံ့မှုမရှိတော့သည့်အပြင် ဟောင်းနွမ်း ဆွေးမြေ့နေကြောင်း တွေ့ရှိရပြီး ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းလိုင်းခန်းမှာ မျှတမှု မရှိသဖြင့် တိုးချဲ့တည်ဆောက်ပေးသင့်ပါသည်။

(ဃ)    အချို့အိပ်ဆောင်များရှိ ညမိလ္လာများမှာ သန့်ရှင်းမှု မရှိသည့်အပြင် အနံ့အသက်များ ထွက်နေသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။

( င )   အိပ်ဆောင်အချို့တွင် ကြမ်းပိုးကိုက်ကြောင်း သတင်းပို့ တင်ပြကြသဖြင့် ကြမ်းပိုး သတ်ဆေးများ ဖြန်းနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( စ )   မျက်လုံးခွဲစိတ်ထားသော အကျဉ်းသား ဦးအောင်ကြည် (အသက် ၇၄ နှစ်) မှာ မျက်မှန်ကျိုးနေကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့် ပါသည်။

၃။      ဘဲလင်း (၁) ကုန်ထုတ်စခန်းနှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    စခန်းတွင် စာမတတ်မြောက်သူ ၁၂.၈ %၊ ရေး/ဖတ်သာ တတ်မြောက်သူ ၅.၆၇ %နှင့် မူလတန်းပညာ တတ်မြောက်သူ ၃၂.၈၃% ရှိကြောင်း တွေ့ရှိရသဖြင့် အကျဉ်းသား လုပ်အားရှင်များအား စာပေတတ်မြောက်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေး သင့်ပါသည်။

(ခ)     လုပ်ငန်းခွင်တွင် အကျဉ်းသားလုပ်အားရှင်များ နားနေရန်အတွက် အရိပ်ရတဲများ ပိုမို တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

(ဂ)     နေ့စဉ် ကျွေးမွေးနေသော ထမင်း၊ ဟင်းများကို ပုံမှန် ကောင်းမွန်မှု ရှိရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်သင့်ပါသည်။

(ဃ)    လုပ်ငန်းများခိုင်းစေရာတွင် သတ်မှတ်လုပ်ငန်းချိန်ထက် ပိုမိုခိုင်းစေခြင်း မဖြစ်စေရေး တာဝန်ရှိသူများမှ ကြပ်မတ်သင့်ပါသည်။

( င )   အကျဉ်းသားအမှတ်၊ မတလ/၁၆/၀၃၀၆၈/က ရဲဝင်းအောင်မှာ ဘယ်ဘက်နံရိုးများ အောင့်၍ တခါတရံ ချောင်းဆိုးလျှင် သွေးပါကြောင်း တင်ပြသဖြင့် ဆေးဝါး ကုသမှုပေးနိုင်ရေးနှင့် မန္တလေးအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(စ)     အကျဉ်းသားအမှတ်၊ မတလ/၁၆/၀၁၈၉၉/က သိန်းသန်းဌေးမှာ မိသားစုနှင့်နီးရာ မန္တလေးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုကြောင်း သတင်းပို့တင်ပြ သဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

(ဆ)    အကျဉ်းသားအမှတ်၊ မတလ/၁၇/၀၄၂၈၀/က စိုးစံမှာ ဗိုက်အောင့်ရောဂါဖြစ်နေသဖြင့် လိုအပ်သလို ကုသနိုင်ရေးနှင့် ဗမ/၁၇/၀၀၄၈၈/က ဇော်မျိုးထွေးမှာ သွေးစစ်ဆေးရာ “ဘီ” ပိုးရောဂါရှိကြောင်း သတင်းပို့ တင်ပြသဖြင့် အကျဉ်းထောင်တစ်ခုသို့ ပြန်လည် ပို့ဆောင်၍ ကုသပေးသင့်ပါသည်။

၄။      ဘဲလင်း(၂) ကုန်ထုတ်စခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသားအမှတ်၊ မခ/၁၃/၀၀၃၄၅/က ဘူးမနားမှာ လုပ်ငန်းခွင်တွင် လက်ကျိုးခဲ့ရ ကြောင်းနှင့် လွတ်မြောက်ချိန်တွင် ထောက်ပံ့မှု ရရှိလိုကြောင်း တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     နေ့စဉ်ကျွေးမွေးလျက်ရှိသော ထမင်း၊ ဟင်းများကို လက်ရှိထက် ပိုမိုကောင်းမွန်ရေး တာဝန်ရှိသူများမှ ကြပ်မတ်သင့်ပါသည်။

(ဂ)     အကျဉ်းသားအမှတ်၊ မခ/၁၃/၀၀၀၂၆/က ထန်းဘူနိန်မှာ ပြစ်ဒဏ်ကျခံရချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    လုပ်ငန်းခွင် တက်/ဆင်းချိန်များ သတ်မှတ်ထားသည့်အတိုင်းဖြစ်နိုင်ရန် တာဝန်ရှိသူ များမှ ဆောင်ရွက်နိုင်ရေး ကြပ်မတ်သင့်ပါသည်။

( င )   အကျဉ်းသားအများစု ဆန္ဒအရ  ဘာသာအလိုက် သံဃာတော်နှင့် တရားဟော ဆရာများ အပတ်စဉ် ဖိတ်ကြား၍ တရားနာယူနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

၅။      မန္တလေးဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    လူငယ်ဆောင်ရှိ လူငယ်အကျဉ်းသားများကို ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်နိုင် ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ခ )   အကျဉ်းသားအမှတ်၊ မတလ/၁၆/၀၀၃၂၂/က ကိုထွန်းဝင်းမှာ မျက်လုံးကောင်းမွန်စွာ မမြင်ရသည့်အပြင် အောက်ပိုင်းမသန်သည့် ရောဂါဖြစ်နေသောကြောင့် ပြင်ပ အထူးကုဖြင့် ပြသလိုကြောင်း သတင်းပို့တင်ပြသဖြင့် ကုသနိုင်ရေး ဆောင်ရွက် ပေးသင့်ပါသည်။

(ဂ)     သီးသန့်ဆောင် ၉ တွင် မီးပျက်ချိန်များ၌ အပေါ့အလေးသွားရန် အဆင်မပြေသော ကြောင့် အိပ်ဆောင်အားလုံး အရေးပေါ် မီးအလင်းရောင် (Emergency light) များ တပ်ဆင် ပေးသင့်ပါသည်။

(ဃ)    ကင်းသာ (၂) ကုန်ထုတ်စခန်းမှ မျက်လုံးတိမ်စွဲရောဂါဖြင့်ပြန်လာခဲ့သော အကျဉ်းသား အမှတ်၊ မတလ/၁၃/၀၃၄၈၆/က ဦးဌေးမြင့်ကို မျက်စိအထူးကုဖြင့် ပြသနိုင်ရေးစီစဉ် ဆောင်ရွက် ပေးသင့်ပါသည်။

( င )   အမျိုးသားအိပ်ဆောင် (၁) ၏ ကွန်ကရိတိုင်များမှာ ခိုင်ခံ့မှုမရှိကြောင်း သတင်းပို့တင်ပြ ကြသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် စစ်ဆေးနိုင်ရေး စီစဉ်သင့်ပါသည်။

( စ )   မိလ္လာများကို အကျဉ်းသားများဖြင့် သယ်ယူ၍ ကန်စွန်းခင်းအတွင်း သွန်ခြင်းကို အခြားနည်းဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစားသင့်ပါသည်။

(ဆ)    အမျိုးသား အိပ်ဆောင် အမှတ် (၅) တွင် မိလ္လာနှင့် အကျဉ်းသားအချိုး မျှတမှု မရှိ သဖြင့် တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

( ဇ )   သူနာပြု အကူအဖြစ် အကျဉ်းသားအချို့ကို တာဝန်ပေးရာတွင် ​ရောဂါအခံကင်းသူများကို အဓိကထား၍ တာဝန်ပေးစေခိုင်းသင့်ပါသည်။

( ဈ )   အကျဉ်းသားအမှတ်၊ မတလ/၁၅/၀၃၁၀၇/က ရဲမင်းနိုင်မှာ ပြစ်ဒဏ်ကျခံချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်မရကြောင်း သတင်းပို့သဖြင့် လိုအပ်သလိုကူညီဆောင်ရွက် ပေးသင့်ပါသည်။

၆။      ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှုမခံရစေရေး၊ ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေးအတွက် ကော်မရှင် ဥပဒေ ပုဒ်မ ၃၈ နှင့်အညီ အလေးထားဂရုပြုဆောင်ရွက်ပေးပါရန် စစ်ဆေးခဲ့သော အကျဉ်းထောင်၊ ကုန်ထုတ်စခန်းများကိုအကြံပြုခဲ့ပါသည်။

၇။      မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများသည် အကျဉ်းသားများအား ထိန်းသိမ်းရာတွင် ယေဘုယျအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မတွေ့ရှိရဘဲ ပြုပြင်၍ ရနိုင်သည့် လိုအပ်ချက်အချို့ကိုသာ တွေ့ရှိရပါသည်။ ဝန်ထမ်းများနှင့် အကျဉ်းသား/အကျဉ်းသူများကို အုပ်ချုပ်မှု အရလည်းကောင်း၊ စည်းကမ်းအရ လည်းကောင်း တာဝန်ခံအရာရှိအနေဖြင့် ကောင်းမွန် နိုင်နင်းစွာအုပ်ချုပ်နိုင်သည့်အပြင် အကျဉ်းသားများကို အသက်မွေးဝမ်းကြောင်းပညာ၊ အတန်း ပညာများ သင်ကြားပေးမှုများကိုလည်း အားရစွာတွေ့ရှိရပါသည်။ ထို့ပြင် စားသောက်ရေးတွင်လည်း အားနည်းချက် အနည်းဆုံး ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါသည်။

၈။      ထုံးဘို (၁) ကုန်ထုတ်စခန်း၊ ထုံးဘို (၂) ကုန်ထုတ်စခန်းနှင့် ထုံးဘို (မ) ကုန်ထုတ် စခန်းများကို လုပ်ငန်းခွင်များအား ရှောင်တခင် ဝင်ရောက်ကြည့်ရှုခဲ့ရာ တွေ့ရှိချက်များအရ အောက်ပါအချက်များကို အကြံပြုခဲ့ပါသည်-

(က)     ကုန်ထုတ်စခန်းများတွင် လုပ်အားရှင်များ နားနေရန်အတွက် ယာယီ အဆောက် အဦများ လုံလောက်မှုမရှိသည်ကို တွေ့ရသဖြင့် ထန်းလက်တဲ ကဲ့သို့သော ယာယီတဲများ လိုအပ်သလို ဆောက်လုပ်ပေးသင့်ပါသည်။

(ခ)       သောက်ရေများကို ပလပ်စတစ် ရေသန့်ဗူးကြီးများဖြင့်ထည့်ပြီး နေပူသဖြင့် ရေပူများ သောက်နေရခြင်းသည် ကြာရှည်ထားရှိပါက ကျန်းမာရေးထိခိုက်စေနိုင်သဖြင့် ပလပ် စတစ်ရေဗူးများအစား မြေသောက်ရေအိုးများဖြင့် ထည့်ပြီး အရိပ်ရနေရာများတွင် ထားရှိပေးသင့်ပါသည်။

(ဂ)       အကျဉ်းသူ လုပ်အားရှင်များ သယ်ယူရသည့် တာယာကျောက်ပုံးများမှာ အမျိုးသမီး တစ်ဦးအနေဖြင့် ရေရှည်သယ်မပါက မနိုင်နင်းနိုင်သဖြင့်  သင့်တင့်သော အလေးချိန် ရှိကျောက်ခဲများကိုသာထည့်ရန် တာဝန်ရှိသူများမှ စစ်ဆေး ကြပ်မတ်သင့်ပါကြောင်း အကြံပြုအပ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၈ ခုနှစ်၊ ဇူလိုင်လ     ၂၃ ရက်