၁။ မကွေးဆေးတက္ကသိုလ်၊ မြန်မာစာဌာနမှ နည်းပြဆရာမတစ်ဦးက မကွေးမြို့မ ရဲအချုပ်ခန်းတွင် ချုပ်နှောင်ထားသည့် ၎င်း၏ခင်ပွန်း အချုပ်ခန်းအတွင်း သေဆုံးခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမှုမှန် ဖော်ထုတ် ပေးနိုင်ပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ၂၉-၇-၂၀၁၇ ရက်နေ့က တိုင်တန်းချက် ပေးပို့လာပါသဖြင့် ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ မကွေးမြို့သို့ ၁-၈-၂၀၁၇ ရက်နေ့မှ ၃-၈-၂၀၁၇ ရက်နေ့အထိ သွားရောက် ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ ကော်မရှင်၏ အကြံပြုချက်များမှာ-
(က) ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ တရားခံကို ဖမ်းဆီးချုပ်နှောင်ရာတွင် လုပ်သင့်လုပ်ထိုက် သော ရဲလုပ်ငန်းများကို ပြည့်စုံစွာဆောင်ရွက်မှုမရှိခြင်း၊ အချုပ်ခန်းအတွင်းရှိ အချုပ်သား၏ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိခြင်းများကြောင့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့် ကို စိစစ်ဖော်ထုတ် အရေးယူသင့်ပါကြောင်း၊
(ခ) သေဆုံးရသည့် အကြောင်းအရင်းနှင့် စပ်လျဉ်း၍ အဖြစ်မှန်ဖော်ထုတ်ရန် အဆင့်မြင့်အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းတာဝန်ပေးအပ်ပြီး သေဆုံးသူ၏ မိသားစုအား ပွင့်လင်းမြင်သာစွာ ရှင်းပြ သင့်ပါကြောင်း၊
(ဂ) ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အလားတူ ထပ်မံမဖြစ်ပွားစေရန်အတွက် သင်ခန်းစာ ဖော်ထုတ်ပြီး နောင်တွင် ထွက်ပြေးရန် အလားအလာ နည်းသော တရားခံများကို သက်သေအထောက်အထားခိုင်လုံစွာ ရှာဖွေတည်ဆောက်ပြီးမှ တရားဥပဒေနှင့်အညီ ဖမ်းဆီး ချုပ်နှောင်ခြင်းပြုရန် အောက်ခြေ အဆင့်ဆင့်သို့ ကြပ်မတ်ဆောင်ရွက်စေသင့်ပါကြောင်း၊
(ဃ) မကွေးမြို့မရဲစခန်းသည် အချုပ်ခန်း ၁၂ ခန်းရှိပြီး အချုပ်သားဦးရေ ရာနှင့်ချီ၍ ချုပ်နှောင် ထားရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ပင်မရဲလုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိခြင်းကြောင့် ရဲစခန်းတွင် အချုပ်သားအမြောက်အများ ချုပ်နှောင်ခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်စိစစ် ဆောင်ရွက်သင့်ပါကြောင်း။
၃။ အထက်ပါအကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၇ ရက်