ဆောင်ရွက်ချက်အမှတ်စဉ် ( ၁၆ /ကာကွယ်/၂၀၁၈)

၁။      ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အင်းသဇင်ကျေးရွာအုပ်စု၊ ကတတ်မြောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ငွေကျပ် ၁၁ သိန်းခန့် ပျောက်ဆုံးခဲ့သည့်အတွက် မသင်္ကာတရားခံ ကျော်ကျော် (ခ) ကျော်ကျော်အောင်အား ဖောင်တော်သီနယ်မြေရဲစခန်းမှ သက်သေခိုင်လုံခြင်းမရှိဘဲ ညှဉ်းပန်း နှိပ်စက်၍ အတင်းအကျပ် ဝန်ခံခိုင်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ ဒိုက်ဦးမြို့သို့ ၂‑၄‑၂၀၁၈ ရက် နေ့မှ ၃‑၄‑၂၀၁၈ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကော်မရှင်၏ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      ကော်မရှင်၏ အကြံပြုချက်များတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ မသင်္ကာတရားခံကို စစ်ကြော မေးမြန်းရာတွင် ရဲလက်စွဲ၊ ရဲကျင့်ဝတ်များနှင့်အညီ လူ့အခွင့်အရေးကြေညာစာတမ်းပါအတိုင်း ကျင့်သုံးလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲသူ အဆင့်ဆင့်မှ အထူးကြပ်မတ်လျက် လက်အောက်တပ်ဖွဲ့ဝင်များ နားလည်သဘောပေါက်ပြီး လိုက်နာ ကျင့်သုံးစေရေး ဆောင်ရွက် သင့်ကြောင်း၊ ရဲတပ်ဖွဲ့မှဖမ်းဆီးချုပ်နှောင်၍ တရားစွဲတင်သောအမှုများကို ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားစွဲတင်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ ရဲစခန်းအချုပ်တွင် တရားခံအား ဖမ်းဆီးချုပ်နှောင်စဉ်တွင် လည်းကောင်း၊ စစ်ကြောမေးမြန်းရာတွင် လည်းကောင်း အခြားမသက်ဆိုင်သည့် ပြင်ပပုဂ္ဂိုလ်များမှ ဝင်ရောက်စွက်ဖက် ပြောဆိုမှုသည် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု အပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေပြီး မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်နိုင်ပါသဖြင့် တာဝန်ရှိသူအဆင့်ဆင့်မှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သင့် ပါကြောင်း စသည့် အကြံပြုချက်များ ဖော်ပြပါရှိပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ      ၂၇      ရက်