မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် ( ၁၅ /ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့်ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၈ ရက် နေ့မှ ၂၀ ရက်နေ့ထိ ရုံးဝန်ထမ်း ၃ ဦးနှင့်အတူ ငှက်ပေါက်ကုန်ထုတ်စခန်းအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ အကြံပြုခဲ့ပါသည်။

၂။      ငှက်ပေါက် ကုန်ထုတ်စခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည် –

(က)    ချိုးရေလုံလောက်စွာ ရရှိရေး ချောင်းမှ ရေစုပ်စက်ဖြင့် ရေတင်၍ ရေလှောင်ကန်များ လုံလောက်စွာ ဆောက်လုပ်ပေးသင့်ပါသည်။

(ခ)     လုပ်ငန်းခွင်အတွင်းနှင့်အိပ်ဆောင်အတွင်း၌သန့်ရှင်းသောသောက်ရေကို အကျဉ်းသား များသာမက ဝန်ထမ်းများပါ သောက်သုံးနိုင်စေရေး  စီစဉ်ဆောင်ရွက် ပေးသင့် ပါသည်။

(ဂ)     အကျဉ်းသားအိပ်ဆောင်များ အတွင်းရှိ သောက်ရေပုံးများအား  အသစ်လဲပေးကာ  သင့်လျော်သည့် စင်များပေါ်တွင် တင်ထားပေးပြီး သောက်ရေခွက် တစ်ခွက်စီ  ထားရှိ ပေးသင့်ပါသည်။

(ဃ)    ငှက်ပေါက်စခန်းရှိ ဝန်ထမ်းများအနေဖြင့် အစိုးရမှ သတ်မှတ်ခွင့်ပြုပေးထားသည့် နေအိမ်များတွင် နေထိုင်ခွင့်မရရှိဘဲ စခန်းအစီအစဉ်ဖြင့် ဆောက်လုပ် ထားသည့် တဲ အိမ်ငယ်များတွင် နေထိုင်နေရခြင်းဖြစ်သည့်အတွက် သင့်လျော်သည့် နေအိမ်စရိတ် ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ကောင်းမွန်သင့်လျော်သော ဝန်ထမ်းလိုင်းခန်းများ ဆောက် လုပ်ပေးခြင်းဖြစ်စေ ဆောင်ရွက်ပေးသင့်ပါသည်။

(င)     ရေချိုးချိန်၊ ထမင်းစားချိန်များ လုံလောက်မှု ရှိစေရေး လုပ်ငန်းခွင်မှ အချိန်မီ တန်းဖြုတ် ပေးသင့်ပါသည်။

(စ)     လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ရှေးဦးသူနာပြု ဆေးသေတ္တာများ ထား ရှိပေးခြင်းနှင့် ဒဏ်ရာကြီးမားသူများအား အကျဉ်းစခန်းရှိ ဆေးခန်းမှ ထိရောက်စွာ ဆေးကုသပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။

(ဆ)    စခန်းရှိ ဆေးခန်းတွင် လိုအပ်သည့်ဆေးဝါးများ ထပ်မံဖြည့်ဆည်းသင့်ပြီး လုပ်ငန်းခွင် အထိပါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဇ)     မနိုင်နင်းသော ဝန်များကို မထမ်းရစေရေးအတွက် သင့်လျော်သလို စီစဉ်ဆောင်ရွက် ပေးသင့်ပြီး မနိုင်နင်းသူများ သို့မဟုတ် ကျန်းမာရေးကြောင့် မလုပ်ကိုင်နိုင်သူများကို ဆဲဆိုမှုများ မပြုလုပ်စေရေး ကြပ်မတ်ညွှန်ကြားသင့်ပါသည်။

(ဈ)     လုပ်ငန်းခွင်အတွင်း နေပူထဲမနားရစေရန်၊ ဓနိမိုးလေးတိုင်စင်တဲများ ဆောက်လုပ် ခြင်းနှင့် မြေကြီးပေါ်မအိပ်ရစေရန် သင့်တင့်လျောက်ပတ်သည့် အခင်းများ ပြုလုပ် ပေးသင့်ပါ သည်။

(ည)    အိပ်ဆောင်များတွင် အချိန်ကာလ သတ်မှတ်၍ ကြမ်းပိုးသတ်ဆေးများပုံမှန် ဖြန်းပေး ရန်နှင့်  ဖယောင်းပုဆိုးများခင်းပေးရန် လိုအပ်သလိုဆောင်ရွက်သင့်ပါသည်။

(ဋ)     အကျဉ်းသားများ၏လုပ်ငန်းမှာ ပင်ပန်းကြမ်းတမ်းသဖြင့် နံနက်စာအား အစိုးရရုံး ပိတ်ရက်များတွင်သာ ထမင်းကြော်ကျွေးပြီး ကျန်ရက်များ  ဆန်ပြုတ်ကျွေးနေခြင်း အစား  နေ့စဉ် ထမင်းကြော် ကျွေးမွေးသင့်ပါသည်။

(ဌ)     ရုပ်မြင်သံကြားကြည့်ရှုခြင်းကို နေ့စဉ်အချိန်သတ်မှတ်၍ ခွင့်ပြုပေးသင့်ပါသည်။

(ဍ)     အိပ်ဆောင်များ၏ အမိုးမှာ နိမ့်နေသဖြင့် အကျဉ်းသား အိပ်စက်ရန် ပူလွန်းခြင်း ကြောင့် အမိုးများ မြှင့်တင်နိုင်ရေး ဘတ်ဂျက်တင်ပြ တောင်းခံသင့်ပါသည်။

(ဎ)     ညာဘက် လက်ချောင်း ၂ ချောင်းပြတ်ပြီး အကြောသေနေသော အကျဉ်းသားတစ်ဦး၊ ခြေပွားရှိသော အကျဉ်းသားတစ်ဦး၊ အောက်ပိုင်းချိနဲ့ရောဂါဖြစ်ပွားနေသော အကျဉ်း သားတစ်ဦးတို့အား ဆေးကုသပေးနိုင်ရေးအတွက် သင့်လျော်သည့် အကျဉ်းထောင်သို့ ပြန်လည်စေလွှတ်သင့်ပါသည်။

(ဏ)   အကျဉ်းသားတစ်ဦး ဇနီးဖြစ်သူမှာ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မူးယစ်ဆေးဝါး မှုဖြင့် အကျဉ်းကျခံနေရပြီး HIV ​ရောဂါပိုး ကူးစက်နေကြောင်း ကြားသိရသဖြင့် ၎င်းအနေဖြင့်လည်း HIV ရောဂါပိုး ရှိ မရှိ စစ်ဆေးလိုကြောင်း သတင်းပို့ တင်ပြ သည့်အတွက် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

(တ)    အကျဉ်းသားများကို စိတ်ဓာတ်တိုးတက်ပြောင်းလဲစေရေးနှင့် ဗဟုသုတရရှိစေရေး အတွက် စာကြည့်တိုက်တစ်ခု ပီပြင်စွာထူထောင်ပေးသင့်ပြီး လိုအပ်သည့် စာအုပ်စာ တမ်းများ ရန်ပုံငွေမှ ဝယ်ယူခွင့်ပြုခြင်းနှင့် အလှူရှင်များထံမှ အလှူခံခြင်းများ ပြု လုပ်သင့်ပါသည်။ နေ့စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်များကိုလည်း မှာယူထားရှိပေး သင့်ပါသည်။

(ထ)    စာအုပ်များကို အကျဉ်းသားအချင်းချင်းဖြစ်စေ၊ ဝန်ထမ်းများမှဖြစ်စေ ဖတ်ရှုရှင်းလင်း ပြသပေးသည့် စာဖတ်ဝိုင်းများ အခါအားလျော်စွာ ပြုလုပ်ပေးသင့်ပါသည်။

(ဒ)     မိမိတို့ယုံကြည်ကိုးကွယ်သည့် ဘာသာအလိုက် ဘုရားရှိခိုးဝတ်ပြုရန် အချိန်၊နေရာ စသည်တို့ကို စီစဉ်ခွင့်ပြုပေးသင့်ပါသည်။

(ဓ)     ဗုဒ္ဓဘာသာဝင်များအတွက် တရားပွဲများ၊ ဝိပဿနာတရားစခန်းများ အခါအားလျော် စွာ စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(န)     တာဝန်ခံအရာရှိမှာ အကျဉ်းသားများ အခက်အခဲတင်ပြပါက အရေးယူ ဆောင်ရွက် ပေးကြောင်း သိရှိရသဖြင့် ဆက်လက်ထိန်းသိမ်းထားသင့်ပါသည်။

(ပ)     ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသား များအား ကော်မရှင် ဥပဒေပုဒ်မ ၃၈ အရ လက်တုံ့ပြန် အရေးယူမခံရစေရေး အလေး ထားဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

                                                   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ  ၂၇ ရက်