မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၁၃/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ကျိုက်မရောအကျဉ်းထောင်၊ မော်လမြိုင်အချုပ်ထောင် နှင့်အချုပ်ခန်းများအား ၂၀-၈-၂၀၁၉ ရက်နေ့နှင့် ၂၁-၈-၂၀၁၉ ရက်နေ့များတွင်လည်းကောင်း၊ သထုံအကျဉ်းထောင်နှင့် အချုပ်ခန်း များအား ၂၂-၈-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ဇင်းကျိုက်၊ ရင်းငြိမ်နှင့် အင်းဗြောင်ကုန်ထုတ် စခန်းများကို ၂၃-၈-၂၀၁၉ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြု ချက်များ ပေးပို့ခဲ့ပါသည်။

၂။       ကျိုက်မရောအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင် အိပ်ဆောင်များရှိ ရေသန့်ဗူးများ၊ မိလ္လာများမှာ သန့်ရှင်းမှု အားနည်း သဖြင့် သန့်ရှင်းရေး အလေးထား ဆောင်ရွက်သင့်ပါသည်။

(ခ)     အကျဉ်းသား/အချုပ်သားများကို ကျန်းမာရေးစစ်ဆေးကုသမှုပေးနိုင်ရေး ကျန်းမာရေး ဦးစီးဌာနမှ ရောဂါစမ်းသပ်ကုသရေးအဖွဲ့များကို အကျဉ်းထောင်သို့ ဖိတ်ခေါ်၍ ကုသ စစ်ဆေးမှုများ ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     HIV ရောဂါပိုးရှိသည့် အကျဉ်းသား၊ အချုပ်သားအချို့မှ ART ဆေးများ မရရှိသေး ကြောင်း သတင်းပို့ တင်ပြကြသဖြင့် သက်ဆိုင်ရာဦးစီးဌာနနှင့် ချိတ်ဆက်၍ ဆေးဝါး ရရှိနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အကျဉ်းထောင် ဆေးမှူး၏ စစ်ဆေးချက်အရ ဦးနှောက်နှင့်အာရုံကြော၊ လည်ပင်းကြီး ရောဂါများ ဖြစ်နေသည့် အကျဉ်းသားတစ်ဦးကို ဆေးရုံရှိသည့်အကျဉ်းထောင် တစ်ခုခု သို့ ပြောင်းရွှေ့ နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(င)     စာအုပ်စာပေများကို လှူဒါန်းလိုသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ စာအုပ်စာပေ များ တိုးပွားရေး ဆောင်ရွက်သင့်ပါသည်။

(စ)     ၉ တန်း(Grade 10) ပညာ  သင်ကြားနေသူ အကျဉ်းသားတစ်ဦးမှ အတန်းပညာကို ဆက်လက်သင်ယူလိုကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်သင့် ပါသည်။

၃။      မော်လမြိုင်အချုပ်ထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှ-

(က)    ခြေထောက်မသန်ပြီး ကျောက်ကပ်နှင့်အတက်ရောဂါ ဖြစ်နေသည့် အကျဉ်းသားတစ်ဦး အား အကျဉ်းထောင်ဆေးရုံတစ်ခုခုသို့ ပြောင်းရွှေ့ကုသနိုင်ရေးအတွက် သင့်လျော်သ လို ဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     ညာဘက်မျက်လုံး မမြင်ရတော့သည့် အကျဉ်းသားတစ်ဦးကို မျက်လုံးခွဲစိတ်ကုသနိုင် ရေး ဆောင်ရွက်ပေးသင့်ပါသည်။

၄။      သထုံအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်စာကြည့်တိုက်တွင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို ထပ်မံ ဖြည့်ဆည်းပေးသင့်ပါသည်။

(ခ)     အကျဉ်းထောင်ဆေးခန်းတွင် တစ်ကိုယ်ရေသုံး ဆေးဝါးများ ထပ်မံဖြည့်ဆည်းပေး ထားသင့်ပါသည်။

၅။      ဇင်းကျိုက်ကုန်ထုတ်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အောက်ပါအကျဉ်းသားများသည် ကျန်းမာရေးအခြေအနေများကြောင့် ကျောက်ထုတ် လုပ်ငန်းများ မလုပ်ကိုင်နိုင်ကြောင်း သတင်းပို့တင်ပြသဖြင့် စိစစ်၍ မှန်ကန်ပါက အကျဉ်းထောင်တစ်ခုခုသို့ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်သင့်ပါသည်-

(၁)     တင်ပဆုံရိုးကျေ ဒဏ်ရာရရှိနေသည့် အကျဉ်းသားတစ်ဦး၊

(၂)      ပြင်ပတွင် ကားစပယ်ယာလုပ်ခဲ့စဉ်က ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့သည့် အကျဉ်း သားတစ်ဦး၊

(၃)     လိပ်ခေါင်းရောဂါ ဖြစ်နေသည့် အကျဉ်းသားတစ်ဦး၊

(၄)     လေးဘက်နာ ရောဂါရှိနေသည့် အကျဉ်းသားတစ်ဦး၊

(ခ)     အကျဉ်းသား လုပ်အားရှင် အများစုက အလုပ်ချိန်ကို သတ်မှတ်ထားသည်ထက် ပိုမို ခိုင်းစေကြောင်း သတင်းပို့ တင်ပြကြသဖြင့် သတ်မှတ်အလုပ်ချိန်အတိုင်း လုပ်ကိုင် နိုင်စေရေး တာဝန်ခံ အရာရှိမှ ကြပ်မတ်သင့်ပါသည်။

၆။      ရင်းငြိမ်ကုန်ထုတ်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းသား အိပ်ဆောင် ၃ တွင် မိုးယိုနေသဖြင့် ပြုပြင်သင့်ပါသည်။

(ခ)     စခန်းတွင် ခြင်ကိုက်မှုများကြောင်း သတင်းပို့ တင်ပြကြသဖြင့် ခြင်းဆေးဖျန်းခြင်း အပါအဝင် ခြင်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်သင့်ပါသည်။

(ဂ)     ဆေးနားဆောင်နှင့် မီးဖိုကြီးမှာ ကပ်လျက်ရှိပြီး ဆေးနား အကျဉ်းသားများ ရှိချိန်တွင် မီးဖိုကြီးမှ ညှော်နံ့များ ရသဖြင့် လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။

(ဃ)    မျက်လုံးကျောက်စ မှန်ထားပြီး ဒဏ်ရာရကာ ကြည့်မရဖြစ်နေသည့် အကျဉ်းသား တစ်ဦးကို လိုအပ်သော ကုသမှုများ ပြုလုပ်ပေးနိုင်ရန် အကျဉ်းထောင် တစ်ခုခုသို့ ပြန်လည် ပို့ဆောင်သင့်ပါသည်။

(င)     အကျဉ်းသားအများစုဆန္ဒအရ မနက် အလုပ်မဆင်းခင်အချိန်တွင် ဘာသာရေး တရား များ နာကြားလိုကြောင်း သတင်းပို့ တင်ပြကြသဖြင့် တာဝန်ခံအရာရှိ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးသင့်ပါသည်။

၇။      အင်းဗြောင်ကုန်ထုတ်စခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

(က)    နယ်ဝေးမိသားစုများမှ ဧည့်တွေ့လာရောက်ရန် အခက်အခဲရှိသူများကို တာဝန်ခံ အရာရှိ၏ ထောက်ခံချက်လက်မှတ် ရေးထိုးပေးပါက ICRC ထံမှ ခရီးစရိတ်များ ရရှိ ကြောင်း မသိရှိသူများကို ရှင်းလင်းချပြပေးစေလိုပါသည်။

(ခ)     စခန်းစာကြည့်တိုက်တွင် လိုအပ်သောစာအုပ်စာပေများနှင့် ဆေးခန်းတွင် တစ်ကိုယ် ရေသုံး ဆေးဝါးများ ပိုမိုဖြည့်ဆည်းပေးသင့်ပါသည်။

၈။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူ တွေ့ဆုံ မေးမြန်းသော အကျဉ်းသားများကို အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြား အကျဉ်းထောင် တစ်ခုခုသို့ ပြောင်းရွှေ့ခြင်းများ အပါအဝင် လက်တုံ့ပြန်မှုမပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြု အပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ  ၃ ရက်