မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၁၂/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်နှင့် ဒေါက်တာ ဒေါ်တင်မေထွန်းတို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် လှေလှော်အင်းနှင့် ရွှေမြယာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတို့အား ကော်မရှင်ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ကြည့်ရှုစစ်ဆေး ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။       လှေလှော်အင်းစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    စခန်းသို့ တွဲဖက်ပေးထားသော ကျန်းမာရေးမှူးများမှာ လက်ရှိတွင် တစ်လခန့်သာ အလှည့်ကျ တွဲဖက်ပေးထားသဖြင့် ၃ လ သို့မဟုတ် ၆ လခန့် တွဲဖက်ထားရှိနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

(ခ)     အကျဉ်းသား လုပ်အားရှင်များကို ကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဆေးကုသရာတွင် တစ်ဦးချင်း မှတ်တမ်းစာအုပ်များ ထားရှိနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဂ)     အကျဉ်းသားအချို့မှ ခြင်ကိုက်မှုများကြောင်း တင်ပြသဖြင့် ခြင်အန္တရာယ် ကင်းရှင်း စေရေး ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    စာကြည့်တိုက်တွင် စာအုပ်စာပေများ ထပ်မံဖြည့်ဆည်းသင့်ပါသည်။

၃။      ရွှေမြယာ စိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    ပွေးပေါက်နေသူ အကျဉ်းသားများ တွေ့ရှိရပြီး ၎င်းကဲ့သို့ ပွေးပေါက်နေသူများပြီး ဆေးဝါးမလုံလောက်ဟု သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို စစ်ဆေးကုသပေးသင့် ပါသည်။

(ခ)     အစာအိမ်သွေးကြောပေါက်ရောဂါ ဖြစ်နေသည့် အကျဉ်းသားတစ်ဦးမှ စစ်ဆေးကုသ လိုပြီး မိသားစုနှင့် နီးစပ်ရာ အကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့လိုကြောင်းသတင်းပို့ သဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

 (ဂ)    အဆုတ်ရောဂါဖြစ်နေသည့် အကျဉ်းသားတစ်ဦးမှ စစ်ဆေးကုသလိုကြောင်း၊ မိသားစု နှင့်နီးစပ်ရာ အကျဉ်းထောင်သို့ပြောင်းရွှေ့လိုကြောင်း သတင်းပို့တင်ပြသဖြင့် လိုအပ် သလို ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    ပြည်အကျဉ်းထောင်မှ ၃၀-၆-၂၀၁၉ ရက်နေ့က ပြောင်းရွှေ့လာသည့် အကျဉ်းသား တစ်ဦးမှာ စတီးရိုးထည့်ထားသည့် ခြေထောက်ကြောင့် အလုပ်လုပ်ရာတွင် အဆင် မပြေသည့်အတွက် လိုအပ်သလို စစ်ဆေးကုသပေးသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်