မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၁၁/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာ မြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ရွှေဘိုအကျဉ်းထောင်ကို ၁၇-၆-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ မုံရွာအကျဉ်းထောင်ကို ၁၉-၆-၂၀၁၉ရက်နေ့တွင် လည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ပေးပို့ခဲ့ပါ သည်။

၂။       ရွှေဘိုအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အမျိုးသမီးဆောင် တိုက်ခန်းများတွင် ခြင်ကိုက်မှုများကြောင်း သတင်းပို့တင်ပြမှုများ ရှိသဖြင့် ခြင်ဆေးဖျန်းပေးသင့်ပါသည်။

(ခ)     ပြစ်ဒဏ်တိုက်များတွင်ရှိသော အကျဉ်းသား/ အကျဉ်းသူများမှာ ၄ ရက်တစ်ကြိမ်သာ ရေချိုးရကြောင်း သိရှိရသဖြင့် နေ့စဉ် ရေချိုးခွင့် ပြုပေးသင့်ပါသည်။ ထို့ပြင် သစ်သား ကွပ်ပျစ်မရှိသဖြင့်ကျန်းမာရေး မထိခိုက်စေရန် သစ်သားကွပ်ပျစ်ခင်းပေးသင့်ပါသည်။

()     မျက်စိရောဂါ ဖြစ်နေသည့် အကျဉ်းသားတစ်ဦးကို လိုအပ်သလို စစ်ဆေးကုသမှု ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အိပ်ဆောင်အချို့ရှိ ကွပ်ပျစ်များမှာ ကျိုးပဲ့ပျက်စီးနေသဖြင့် ပြုပြင်သင့်ပါသည်။

(င)     အကျဉ်းသားအိပ်ဆောင်များတွင် ဖယောင်းပုဆိုးများ စုတ်ပြဲနေသဖြင့် အသစ်လဲလှယ် ပေးသင့်ပါသည်။

(စ)     အကျဉ်းသား/အကျဉ်းသူများအပေါ် ကျန်းမာရေးတာဝန်ရှိသူများက စောင့်ရှောက်မှု အားနည်းကြောင်း တင်ပြကြသဖြင့် တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများမှ ကြပ်မတ် ပေးသင့်ပါသည်။

(ဆ)    အကျဉ်းသား/အကျဉ်းသူများ၏ တင်ပြချက်အရ ယခုတာဝန်ခံအရာရှိလက်ထက်တွင် စည်းကမ်းကောင်းမွန်လာပြီး အကျဉ်းသားများ၏ စားသောက်နေထိုင်ရေးများ ပိုမို ကောင်းမွန်လာကြောင်း တင်ပြကြသဖြင့် ယခုအခြေအနေကို ဆက်လက် ထိန်းသိမ်း ထားသင့်ပါသည်။

၃။      မုံရွာအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်တွင်း စာကြည့်တိုက်ကို အကျဉ်းသား အိပ်ဆောင် ၃၊ ၄ ဘက်တွင် သီးခြား နံရံကပ်ဗွီရိုဖြင့် ထားရှိနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ခ)     အကျဉ်းထောင်တွင် အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အကျဉ်းထောင်တွင် အကျဉ်းသူနှင့်အတူ ပါလာသော ကလေးငယ်များကို ဖြည့်စွက် အစာများ ကျွေးမွေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    ယခုတာဝန်ခံအရာရှိလက်ထက်တွင် စားသောက်နေထိုင်ရေး တိုးတက်ကောင်းမွန် လာကြောင်း အကျဉ်းသားအများစုမှ တင်ပြကြသဖြင့် ယခုအခြေအနေကို ဆက်လက် ထိန်းသိမ်းထားသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ   ၁၅    ရက်