မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၃/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရွှေဘိုအကျဉ်းထောင်၊ မုံရွာ အကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ အား ၃၁-၁-၂၀၁၈နေ့မှ ၁-၂-၂၀၁၈ရက်နေ့ထိကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့အကြံပြုခဲ့ပါသည်။

၂။      ရွှေဘိုအကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    စာကြည့်တိုက်တွင် ဗဟုသုတရရှိစေပြီး စိတ်ကို တိုးတက် ပြောင်းလဲစေမည့် စာအုပ်၊ စာပေ၊ စာစောင်များအား ထပ်မံဖြည့်ဆည်းပေးပြီး ယခုထက်ပိုမို၍ လွတ်လပ်စွာ ဖတ်ရှုခွင့် ပြုပေးသင့်ပါသည်။

(ခ)     အကျဉ်းသား အိပ်ဆောင် ၃ ၌ အမျိုးသမီးအဆောင် မိလ္လာပိုက်မှ အနံ့များ ဆိုးရွားစွာ ထွက်ရှိနေသဖြင့် ပြုပြင်သင့်ပါသည်။

(ဂ)     ကျန်းမာရေး မကောင်းသည့် အကျဉ်းသား ၅ ဦးအား စစ်ဆေးကုသနိုင်​ရေးနှင့် လိုအပ်ပါက ဆေးရုံတင်ပို့ ကုသနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အိပ်ဆောင် (၃) အခန်း (၃) မိလ္လာဘေးတွင် မိလ္လာမှ ကျသောရေကြောင့် ကြမ်းခင်း ကွပ်ပျစ်များ ပျက်စီးနေသဖြင့် ပြုပြင်သင့်ပါသည်။

(င)     မိလ္လာနှင့် ထောင်ဝင်စာတွေ့ဆုံခန်းမှာ အကျဉ်းသားအင်အားနှင့် ညီမျှမှု မရှိသဖြင့် တိုးချဲ့ဆောက်လုပ်နိုင်ရေး တင်ပြ ​ဆောင်ရွက်သင့်ပါသည်။

(စ)     ART ဆေးသောက်နေရသည့် HIV ရောဂါသည် အကျဉ်းသား/အကျဉ်းသူများကို ခွန်အားဖြစ်စေမည့် ဖြည့်စွက်အစာများ ကျွေးမွေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    တက္ကသိုလ်ဝင်တန်း ဖြေဆိုလိုသူ အကျဉ်းသား၊ အကျဉ်းသူ ရှိပါက ဖြေဆိုခွင့်ရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဇ)     အိပ်ဆောင်အများစုတွင် မိုးယိုသဖြင့် ပွင့်လင်းရာသီတွင် ဖာထေး ပြုပြင်သင့်ပါသည်။

(ဈ)     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

၃။      မုံရွာအကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ထောင်ဝင်စာတွေ့ဆုံခန်းများမှာ အကျဉ်းသားဦးရေနှင့် နှိုင်းစာလျှင် ကျဉ်းမြောင်းနေ သဖြင့်လိုအပ်သလို တိုးချဲ့ပြုပြင်ပေးသင့်ပါသည်။

(ခ)     ထမင်းထဲတွင် တခါတရံ ကျောက်ခဲများပါရှိကြောင်း သတင်းပို့တင်ပြမှုများရှိသဖြင့် မပါရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     နေမကောင်းသော အကျဉ်းသား/အကျဉ်းသူများအား တာဝန်ကျ ကျန်းမာရေးမှူးမှ စနစ်တကျစစ်ဆေးပြီး ရောဂါနှင့်သက်ဆိုင်သော ဆေးဝါးများကိုသာ ပေးသင့်ပါသည်။

(ဃ)    အကျဉ်းထောင်တာဝန်ခံအရာရှိသည် အကျဉ်းသား/အကျဉ်းသူများအပေါ်၌ မိသားစုသဖွယ် အုပ်ချုပ်ကြောင်း အကျဉ်းသားအများစုမှ တင်ပြသဖြင့် ယခုအခြေအနေအား ဆက်လက်ထိန်းသိမ်းထားသင့်ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉  ရက်