မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၈/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက် နေ့မှ ၂၆ ရက်နေ့ထိ သီပေါအကျဉ်းထောင်နှင့် လားရှိုး အကျဉ်းထောင်တို့အား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါအကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။       သီပေါအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းသားများကို ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို အလှည့်ကျ ဖတ်ရှု စေပြီး အခြားအကျဉ်းသားများကို ပြန်လည်ဟောပြောရန် ဝါသနာပါသူ အကျဉ်းသားများကို ဟောပြောပွဲများ ပြုလုပ်နိုင်ရေး ဆောင်ရွက်သင့်ပါသည်။

( ခ )    အကျဉ်းထောင်တွင် အသက်မွေးဝမ်းကြောင်းပညာသင်တန်းများ ယခုထက် ပိုမို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ဂ )   အကျဉ်းထောင်အနေဖြင့် လျှပ်စစ်မီးအား သုံးစွဲမှု လုံလောက်မှုမရှိခြင်းကြောင့် ထရန်စဖော်မာ တည်ဆောက်ရန် တင်ပြထားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်း၍ အမြန်ရရှိရေး ဆောင်ရွက်သင့်ပါသည်။

၃။      လားရှိုးအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    ART ဆေးမရရှိသေးသည့် HIV ရောဂါသည်အကျဉ်းသား ၃၂ ဦးအတွက် ART ဆေး ရရှိရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် အမြန်ဆုံး ညှိနှိုင်း ဆောင် ရွက်သင့်ပါသည်။

( ခ )   နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များကို အကျဉ်းသားအိပ်ဆောင်တိုင်း ဖတ်ရှုနိုင်ရေး မှာယူဖြန့်ဝေသင့်ပါသည်။

( ဂ )   လားရှိုးအကျဉ်းထောင်တွင် အကျဉ်းသူ/အချုပ်သူဦးရေ ၆၅၀ ဦးခန့်ရှိပြီး ကျပ်တည်း ကြောင်း တွေ့ရှိရသဖြင့် သီပေါအကျဉ်းထောင်တွင် အဆောင်နေရာ အဆင်ပြေမှု ရှိ ပါက ဝင်ဆံ့သည့်အကျဉ်းသူအင်အားကို ရွှေ့ပြောင်းနိုင်ရေးဆောင်ရွက်သင့်ပါသည်။

(ဃ)    အကျဉ်းသားအများစုမှ ၁၇-၄-၂၀၁၉ ရက်နေ့က နိုင်ငံတော်သမ္မတရုံးအမိန့်၊ လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်၍ သိရှိလိုကြောင်း သတင်းပို့ တင်ပြကြသဖြင့် အကျဉ်းသားများနှင့် သက်ဆိုင်သော နိုင်ငံတော်မှထုတ်ပြန်သည့် တရားဝင် အမိန့် များကို အကျဉ်းသား အိပ်ဆောင်တိုင်းရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားနိုင် ရေး ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်