မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်( ၆ /ကာကွယ်/၂၀၁၉)

၁။      ၁၇-၄-၂၀၁၉ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ အကျဉ်းသား အချင်းချင်း တန်းတူအခွင့်အရေး မရရှိဟုဆိုကာ အကျဉ်းဦးစီးဌာန အောက်ရှိ မုပ္ပလင်(ကျား) ကုန်ထုတ်စခန်းတွင် အကျဉ်းသားလုပ်အားရှင်များက လုပ်ငန်းခွင်သို့မဆင်းဘဲ လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံ၍ တင်ပြလို ကြောင်း သတင်းရရှိသဖြင့် ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၉-၄-၂၀၁၉ ရက်နေ့တွင် မုပ္ပလင်(ကျား) ကုန်ထုတ်စခန်းသို့ ရှောင်တခင် သွားရောက်ကာ အကျဉ်းသား လုပ်အားရှင် များနှင့်တွေ့ဆုံပြီး ၎င်းတို့၏တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။

၂။       ထိုသို့ တွေ့ဆုံရာတွင် လူအင်အားအရ နေရာ ၆ နေရာတွင် အုပ်စု ၆ စုခွဲ၍ တွေ့ဆုံခဲ့ပြီး အကျဉ်းသားများက အောက်ပါအချက်များ အပါအဝင် ၎င်းတို့၏ ခံစားချက် များကို တစ်ဦးချင်း တင်ပြခဲ့ကြပါသည်-

(က)    ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့များတွင် နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြခဲ့သည့်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပုဒ်မ ၁၅ အရ မူးယစ်ဆေးဝါး သုံးစွဲသူများအား အကျဉ်းထောင်ပြစ်ဒဏ်မချမှတ်ရန် သတ်မှတ်ခဲ့ကြောင်း တွေ့ရှိရသော် လည်း ၎င်းတို့ မှာ ချမှတ်ခဲ့သောပြစ်ဒဏ်မှ သက်သာခွင့်မရရှိသေးခြင်း၊

(ခ)     ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ပုဒ်မ ၁၅ မရှိတော့သော်လည်း ၂၀၁၈ ခုနှစ် မတိုင်မီက ပြစ်ဒဏ် ကျခံရသူများမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်မရရှိ သည့်အပြင်  လွတ်ငြိမ်း သက်သာခွင့်ပေးသည့်အခါတွင်လည်း ခံစားခွင့် မရရှိသေးခြင်း၊

(ဂ)     ၂၀၁၈ ခုနှစ် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့စဉ်က မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၅ (သုံးစွဲမှု) ဖြင့် ပြစ်ဒဏ်ကျခံနေသူများလွတ်မြောက်ခဲ့ကြပြီး၊ ၂၀၁၉ ခုနှစ် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ပေးစဉ် မူးယစ်ဥပဒေပုဒ်မ ၁၆ (လက်ဝယ်တွေ့ရှိ) ဖြင့် ပြစ်ဒဏ်ကျခံနေသူများလွတ်မြောက်သွားကြသော်လည်း မူးယစ် ဆေးဝါး ပုဒ်မ ၁၅ နှင့် ၁၆ နှစ်ခုတွဲလျက် ပြစ်ဒဏ်ကျခံနေရသူများမှာ ယခုအချိန်ထိ ခံစားခွင့် မရရှိသေးခြင်း၊

(ဃ)    ၂၀၁၉ ခုနှစ် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ပေးစဉ် မူးယစ် ဥပဒေပုဒ်မ ၁၆ (လက် ဝယ်တွေ့ရှိ) ဖြင့် ပြစ်ဒဏ်ကျခံနေသူများ လွတ်မြောက်သွားကြ သော်လည်း ထိုသူ တို့နှင့် အတူရှိနေခြင်း၊ အနီးအနားရှိနေခဲ့ခြင်းတို့ကြောင့် ပုဒ်မ ၂၁ (အားပေးကူညီမှု) ဖြင့် စွပ်စွဲခံရပြီး အကျဉ်းကျခံခဲ့ရသူများမှာ  လွတ်ငြိမ်းသက်သာခွင့် မရရှိခဲ့ခြင်း၊

(င)     ၂၀၁၉ ခုနှစ် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ပေးစဉ် လွတ်မြောက်သွားသူများမှာ မူးယစ်ဆေးဝါးဥပဒေ၊ ရဲစည်းကမ်းနှင့် တပ်မတော်အက်ဥပဒေဖြင့် ပြစ်ဒဏ်ကျခံ ရသူများကိုသာ သီးသန့်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အခြားပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့ကြ သူများမှာ လုံးဝ လွတ်မြောက်မှုကို မတောင်းဆိုလိုသော်လည်း ကာလတစ်စုံတစ်ရာ သက်သာခွင့် မရရှိခဲ့ခြင်း၊

(စ)     ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်များပေးစဉ် ပြစ်မှုတူ၊ ပြစ်ဒဏ်တူသူ အချို့လွတ်မြောက်ခဲ့ကြသော်လည်း  ယခုလက်ရှိ မလွတ်မြောက်သူ များ ကျန်ရှိနေခြင်း၊

(ဆ)    စည်းကမ်းကောင်းသည့် အကျဉ်းသားများကို လွှတ်ပေးခဲ့သည်ဟု ပြောဆိုသဖြင့် စည်းကမ်းဖောက်ဖျက်မှု မရှိခဲ့ကြသော်လည်း လွတ်ငြိမ်းသက်သာ ခွင့်မရရှိဘဲ ကျန်ခဲ့သူ အကျဉ်းသားအချို့မှာ စည်းကမ်းကောင်းမွန်မှု မရှိသည့်အတွက် ကျန်ရှိနေသူများ ဟု ဆွေမျိုးမိတ်သင်္ဂဟများနှင့် အများပြည်သူ တို့က ထင်မြင်နိုင်ခြင်း၊

(ဇ)     သို့ဖြစ်ပါ၍ ၎င်းတို့၏ ခံစားချက်နှင့် သဘောထားများကို နိုင်ငံတော်သမ္မတထံ တင်ပြပေးစေလိုသည့်အပြင် အများပြည်သူ သိရှိစေရန်အတွက် မီဒီယာများသို့ အကြောင်းကြားအသိပေးစေလိုခြင်း၊

၃။      အကျဉ်းသားလုပ်အားရှင်များအနေဖြင့် မိမိတို့၏ ခံစားချက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ လွတ်လပ်စွာ တင်ပြပြီး ဖြစ်သဖြင့် အကျဉ်းထောင်/အကျဉ်းစခန်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပါရန် ပြောဆိုညှိနှိုင်း ဆွေးနွေးခဲ့ရာ ၂၀-၄-၂၀၁၉ ရက်နေ့ တွင် လုပ်ငန်းခွင်သို့ အေးချမ်းစွာ ဝင်ရောက်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ ၎င်းတို့၏ တင်ပြချက်များကို ၂၂-၄-၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ ကော်မရှင်မှ ဆက်လက်၍ တင်ပြပြီး ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ    ၂၃   ရက်