မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၅/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့်ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ခုနှစ်၊ မတ်လ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် အကျဉ်းဦးစီးဌာနအောက်ရှိ ကစကဲ စိုက်ပျိုးမွေးမြူရေး နှင့်အသက်မွေးမှုအတတ်သင်စခန်းနှင့် ပုသိမ်အကျဉ်းထောင်တို့ကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါအကြံပြု ချက်များကို ပေးပို့ခဲ့ပါသည်။

၂။      ကစကဲစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းသားတစ်ဦးမှာ တီဘီရောဂါ ဖြစ်နေပြီး ဆေးသောက်သည့်ကာလ ၂ လခန့်ရှိပြီ ဖြစ် သဖြင့် ဆက်လက်ကုသနိုင်ရေး အကျဉ်းထောင်တစ်ခုခုသို့ ပြောင်းရွှေ့ လိုကြောင်း တင်ပြသဖြင့် စိစစ်ဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     စခန်းစာကြည့်တိုက်တွင် စာအုပ်စာပေ နည်းပါးသဖြင့် ဗဟုသုတရရှိစေမည့် စာအုပ် စာပေများ ဖြည့်ဆည်းပေးသင့်ပြီး စာအုပ်စင်များ တိုးချဲ့ပြုလုပ် ပေးသင့် ပါသည်။

(ဂ)     အလုပ်နားချိန်များတွင် အတန်းပညာရှိပြီး စာဖတ်ဝါသနာပါသည့် အကျဉ်းသားများကို စာအုပ် စာပေများ ဖတ်ရှုခိုင်းပြီး အခြားအကျဉ်းသားများသို့ ပြန်လည် ရှင်းလင်း ဆွေးနွေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    ရေသန့်ဗူးများနှင့် ရေခွက်များ သန့်ရှင်းမှု မရှိကြောင်း တွေ့ရှိရသဖြင့် သန့်ရှင်းရေး ဆောင်ရွက်စေသင့်ပါသည်။

(င)     အိပ်ဆောင်များတွင် ပြက္ခဒိန်များ ချိတ်ဆွဲထားနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(စ)     နှာစီးချောင်းဆိုးနေသူ အကျဉ်းသား ၅ ဦးခန့် တွေ့ရှိရသဖြင့် ကျန်းမာရေးမှူးမှ ဂရုစိုက် ကုသပေးသင့်ပါသည်။

(ဆ)    အကျဉ်းသား အများစုတွင် ယားနာ၊ ပွေး ပေါက်နေသူများ ရှိသဖြင့် လိုအပ်သည့် ဆေးဝါးများ ဖြည့်ဆည်းပေးသင့်ပါသည်။

(ဇ)     အိပ်ဆောင်များတွင် ခင်းထားသော ဖယောင်းပုဆိုးအချို့ စုတ်ပြဲနေကြောင်း တွေ့ရှိရ သဖြင့် အသစ်လဲလှယ်ပေးသင့်ပါသည်။

(ဈ)     ညအိပ်ဧည့်တွေ့ဆောင်မှာ ကောင်းမွန်မှု မရှိသည့်အပြင် ဆူးကြိုးပြင်ပ၌ ရှိနေသဖြင့် ပြုပြင်တည်ဆောက်ပြီး လုံခြုံရေးအရ ဆူးကြိုးကာရံ ပေးသင့် ပါသည်။

(ည)    အကျဉ်းသားအများစုက အကျဉ်းဦးစီးဝန်ထမ်းများအပေါ်တွင် လေးစားမှုရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါ အခြေအနေအား ဆက်လက် ထိန်းသိမ်း ထားသင့်ပါသည်။

၃။      ပုသိမ်အကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းသူအများစု၏ တင်ပြချက်အရ အကျဉ်းသူအိပ်ဆောင်တွင် အဝတ်လှန်းစင် များ တည်ဆောက်ပေးသင့်ပါသည်။

(ခ)     အကျဉ်းထောင်တွင် ခြင်ပေါများနေသဖြင့် တစ်လတစ်ကြိမ် ခြင်ဆေးဖျန်းပေး သင့်ပါသည်။

(ဂ)     အကျဉ်းထောင်ရှိ ဆေးခန်းတွင် ဆေးဝါးစုံလင်မှု မရှိကြောင်း သတင်းပို့ တင်ပြကြ သဖြင့် ယခုထက် ပိုမို ဖြည့်ဆည်းသင့်ပါသည်။

(ဃ)    ကျန်းမာရေး မကောင်းဟု တင်ပြသည့် အကျဉ်းသား ၅ ဦးကို လိုအပ်သလို စစ်ဆေး ကုသပေးသင့်ပါသည်။

(င)     HIV ရောဂါ ဖြစ်နေသည့် အကျဉ်းသား ၃ ဦးကို ART ​ဆေး ရရှိနိုင်ရေးအတွက် အထူး အလေးထား ဆောင်ရွက်ပေးသင့်ပါသည်။

(စ)     လျှပ်စစ်မီးကို အိပ်ဆောင်များကို အချိန်ပြည့်ပေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    တိုက်ခန်းများတွင် ၃×၈ ပေအကျယ် ရေကန်တစ်ကန်သာရှိသဖြင့် ထားရှိသည့် အကျဉ်းသား အင်အားနှင့် လုံလောက်မှု မရှိသောကြောင့် နည်းလမ်းရှာဖွေ တည်ဆောက်ပေးသင့်ပါသည်။

(ဇ)     အိပ်ဆောင် ၄၊ အခန်း ၂ တွင် မိလ္လာအနံ့မှာ ဆိုးရွားနေသဖြင့် သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါသည်။

(ဈ)     ငှက်ပေါက်စခန်းမှ မန်ကျည်းပင်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးစဉ် TB ​ရောဂါ ရှိနေသော အကျဉ်းသားတစ်ဦးကို အကျဉ်းထောင်သို့ ပြန်ရောက်ရှိ သော်လည်း ဆေးမရရှိသေးသဖြင့် လိုအပ်သလို စစ်ဆေး ဆောင်ရွက်ပေးသင့်ပါသည်။

(ည)    အကျဉ်းထောင်ရှိ အိပ်ဆောင်များတွင် ရုပ်မြင်သံကြားစက်များ ပြသရာတွင် တပြေးညီ အခွင့်အရေး ရရှိရေး တာဝန်ရှိသူများမှ ဆောင်ရွက် ပေးသင့် ပါသည်။

(ဌ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံသော အကျဉ်းသား/အချုပ်သားများကို ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ လက်တုံ့ပြန်မှုမခံရစေရေး တာဝန် ရှိသူများမှ ကြပ်မတ်ရန် လိုအပ်မည်ဟု အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်