မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၃/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့်ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များတွင် သာယာဝတီဗဟိုအကျဉ်းထောင်အား ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါ အကြံပြုချက်များကို ပေးပို့ခဲ့ ပါသည်။

၂။      သာယာဝတီဗဟိုအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်ရှိ သောက်ရေသန့်ဘူးများမှာ သန့်ရှင်းမှု အားနည်းသဖြင့် သန့်ရှင်း ရေး ဆောင်ရွက်စေသင့်ပါသည်။

(ခ)     အကျဉ်းသားအများစု၏ သတင်းပို့မှုအရ ညပိုင်းတွင် ခြင်ကိုက်နှုန်းများကြောင်း သိရှိရသဖြင့် ခြင်/ယင်ဆေးဖြန်းခြင်း၊ ရေမြောင်းများ သန့်ရှင်းရေး လုပ်ခြင်း များ ပိုမိုတိုးမြှင့် ဆောင်ရွက်သင့်ပါသည်။

(ဂ)     အကျဉ်းထောင်တွင် အသက်မွေးမှုအတတ်သင်ကျောင်းကို စတင်ဖွင့်လှစ်ထားသည် ကို တွေ့ရှိရပြီး လက်ရှိတွင် အကျဉ်းသား ၂၀ ဦးကို ပရိဘောဂ သင်တန်း ဖွင့်လှစ်ပို့ချ နေကြောင်း တွေ့ရှိရသဖြင့် အဆိုပါကျောင်းတွင် အခြား အသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ပို့ချနိုင်ရေး ဆက်လက်ဆောင်ရွက် သင့်ပါ သည်။

(ဃ)    အမျိုးသမီးဆောင်တွင် ပွေး၊ ဝဲ ပေါက်သူများနေသဖြင့် ပျောက်ကင်းရေးအတွက် ကုသခြင်း၊ ဆေးဝါးများ ဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။

(င)     အိပ်ဆောင် ၅၊ အခန်း ၃ ညမိလ္လာတွင် အပေါ်ထပ် မိလ္လာမှ ရေယိုနေသဖြင့် ပြုပြင် သင့်ပါသည်။ အလားတူ အိပ်ဆောင် ၁၀၊ အခန်း ၂ နှင့် အခန်း ၄ အပေါ်ထပ်တွင် မျက်နှာကျက် မရှိ၍ စာကလေးများ၊ ခိုများ၏အမှိုက်နှင့် အညစ်အကြေးများ စားအိုးစားခွက်များထဲ ဝင်သောကြောင့် ပြုပြင်ပေးစေလိုကြောင်း တင်ပြမှု ရှိသဖြင့် ပြုပြင် ပေးသင့်ပါသည်။

(စ)     အကျဉ်းထောင် ကျန်းမာရေး ဝန်ထမ်းများက အချိန်နှင့်တပြေးညီ စစ်ဆေးကုသမှု မရှိကြောင်း သတင်းပို့ တင်ပြကြသူ များပြားသဖြင့် တာဝန်ရှိသူများမှ ကြပ်မတ် သင့်ပါသည်။

(ဆ)    ထောင်ဝင်စာခန်းမှာ တစ်ကြိမ်တွေ့ဆုံလျှင် ၁၂ ဦးခန့်သာ တွေ့ဆုံနိုင်သဖြင့် အကျဉ်းသား အင်အားနှင့် မျှတမှု မရှိသောကြောင့် တိုးချဲ့ဆောက်လုပ်သင့်ပါသည်။

(ဇ)     အိပ်ဆောင် ညမိလ္လာအရေအတွက်မှာ အကျဉ်းသား ၁၀၀ ဦးလျှင် မိလ္လာ ၂ လုံး သာ ရှိ၍ လုံလောက်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် တိုးချဲ့ဆောက်လုပ် ပေးသင့်ပါသည်။

(ဈ)     အူကျရောဂါဖြစ်နေ အကျဉ်းသား ၂ ဦးကို ၎င်းတို့ဆန္ဒအရ ခွဲစိတ်လိုကြောင်း တင်ပြ ကြသဖြင့် လိုအပ်သလို စစ်ဆေးကုသမှု ပေးသင့်ပါသည်။

(ည)    နှာခေါင်းတွင် အမြစ်တွယ် ရောဂါဖြစ်နေသည့် အကျဉ်းသား တစ်ဦးမှာ အသက်ရှု မရကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို စစ်ဆေး ကုသပေး သင့်ပါသည်။

(ဋ)     ထောင်ဆေးခန်းပြသရာတွင် ဆေးစာရေးပေး၍ ပြင်ပမှ ဝယ်ယူခိုင်းမှုများရှိကြောင်း တင်ပြမှု များရှိသဖြင့် ဆေးဝါးလုံလောက်စွာ ရရှိစေရေး ဆောင်ရွက် ပေးသင့်ပါ သည်။

(ဌ)     HIV ​ရောဂါကဲ့သို့သော ရောဂါကြီးဖြစ်နေသူများကို နှစ်သိမ့်ဆွေးနွေးစေမှုများ ပြုလုပ်ပေး စေလိုကြောင်း သတင်းပို့ တင်ပြကြသဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက် သင့်ပါသည်။

(ဍ)     အိပ်ဆောင်များသို့ ပေးဝေသော မြေအောက် သောက်ရေသန့်ပိုက်များမှာ သန့်ရှင်းမှု မရှိသဖြင့် သန့်ရှင်းစွာ မသောက်ရကြောင်း သတင်းပို့တင်ပြမှုများ ရှိသောကြောင့် ပြုပြင်ပေးသင့်ပါသည်။

(ဎ)     အိပ်ဆောင်များတွင် ဘာသာအလိုက် တရားစာအုပ်၊ စာပေ အသုံးအဆောင်များ ထားရှိရန် အတွက် စာအုပ်စင်များ ပြုလုပ်ပေးသင့်ပါသည်။

(ဏ)   အကျဉ်းသားများ၏ ပြစ်ဒဏ်ကျန်ကာလများကို သိရှိလိုပါက တာဝန်ရှိသူများမှ ရှင်းလင်း ပြသင့်ပါသည်။

(တ)    ပြင်ပကတည်းက စီပိုးရောဂါ ခံစားနေရသည့် အကျဉ်းသားတစ်ဦးမှ ထိရောက်သော ကုသမှု ရရှိလိုကြောင်း တင်ပြသဖြင့် လိုအပ်သလို ကုသမှု ပေးသင့် ပါသည်။

(ထ)    အကျဉ်းသူများဆန္ဒအရ အမျိုးသမီးဆောင်ဘက်တွင် သီးသန့်စာကြည့်တိုက် ထားရှိ လို ကြောင်း တင်ပြကြသဖြင့် ဆောင်ရွက်ပေးသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်