မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ်(၂/ ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် မြင်းခြံအကျဉ်းထောင်နှင့် ညောင်ဦး အကျဉ်းထောင် များအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါ အကြံပြုချက် များကို ပေးပို့ခဲ့ပါသည်။

၂။      မြင်းခြံအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်အတွင်းရှိ မိလ္လာမြောင်းများမှာ ယခုအချိန်ထိ အနံ့ထွက်နေဆဲဖြစ်ရာ ရေရှည်တွင် အကျဉ်းသားများ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင် သဖြင့် ICRC သို့ အကြောင်းကြား၍သော်လည်းကောင်း၊ သက်ဆိုင်ရာမှ ပြင်ဆင်၍ သော်လည်း ကောင်း ဆောင်ရွက်သင့်ပါသည်။

(ခ)     ပြစ်မှု၊ ပြစ်ဒဏ် မမျှတမှုကြောင့် သတင်းပို့တင်ပြသူ အကျဉ်းသား ၁၁ ဦး၏ အယူခံ ကိစ္စများအား တာဝန်ခံအရာရှိမှ လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အကျဉ်းသားများ ဆန္ဒအရ အကျဉ်းထောင်တွင်း ဝိပဿနာ တရားစခန်း အခါ အားလျော်စွာ ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အကျဉ်းထောင်သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ များက ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့ ကြည့်ရှု စစ်ဆေး စဉ်ကထက် အကျဉ်း သား/ အကျဉ်းသူများ၏ ထွက်ဆိုချက်များအရ လည်းကောင်း၊ မျက်မြင်တွေ့ရှိရမှု များအရ လည်းကောင်း တိုးတက်လာကြောင်း တွေ့ရှိရသဖြင့် ယခုအခြေအနေကို ဆက်လက် ထိန်းသိမ်း ထားရှိသင့် ပါသည်။

၃။      ညောင်ဦးအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်၌ မိလ္လာနှင့် အကျဉ်းသားအင်အား မျှတမှု မရှိသဖြင့် နေ့မိလ္လာများ ထပ်တိုး ဆောက်လုပ်သင့်ပါသည်။

(ခ)     အကျဉ်းထောင် ရေသန့်စက်ကို အခါအားလျော်စွာ ပြုပြင်ခြင်း၊ စစ်ဆေးခြင်း၊ အခြား Chemical ပစ္စည်းများ ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     ထောင်ဝင်စာ တွေ့ဆုံခန်းသည် သံဇကာ အစား မှန်အထူ တပ်ဆင်နိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    HIV နှင့် TB ​ရောဂါသည် အကျဉ်းသားများကို အခြားအကျဉ်းသားများနှင့် တတ်နိုင်သရွေ့ ခွဲခြားထားနိုင်ရေး စီစဉ်ပေးသင့်ပါသည်။

(င)  ၂၀၁၇ခုနှစ် ကြည့်ရှုစစ်ဆေးစဉ်ကလည်းကောင်း၊  ယခု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ စစ်ဆေးသည့်အခါတွင် လည်းကောင်း၊ တစ်ကြိမ်ထက် တစ်ကြိမ် အကျဉ်းသား များ ၏ အခြေအနေမှာ ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရသဖြင့် လက်ရှိအခြေအနေကို ဆက်လက် ထိန်းသိမ်းထားသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်