မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆောင်ရွက်ချက် အမှတ်စဉ်(၁/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ကလေးအကျဉ်းထောင်၊ သနန်၊ မြို့သစ်၊ ဗန္ဓုလ၊ အုတ်ဖိုကန်ဘောင်၊ ရာဇဂြိုဟ်(၁၊၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင် စခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှု စစ်ဆေးခဲ့ပြီး အောက်ပါအကြံပြုချက်များကို ပေးပို့ခဲ့ပါ သည်။

၂။      ကလေးအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

          (က)    အကျဉ်းထောင် တင်ပြချက်အရ HIV ​ရောဂါသည်များတွင် အကျဉ်းသား/ အကျဉ်းသူများ၏ စာရင်းသာ တွေ့ရှိရပြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီး STD ဌာနမှ လာရောက် စစ်ဆေး ကုသစဉ် အချုပ်သား/အချုပ်သူများကိုပါ တပါတည်း ကုသစစ်ဆေးမှု ပေးသင့်ပါသည်။

          (ခ)   လိပ်ခေါင်း ရောဂါ ဖြစ်နေသည့် အကျဉ်းသူ တစ်ဦးအား လိုအပ်သလို စစ်ဆေးကုသပေးသင့် ပါသည်။

     (ဂ)   ကလေးတက္ကသိုလ်တွင် သမိုင်းဘာသာဖြင့် ဒုတိယနှစ်အတန်း တက်ရောက်နေသည့် အကျဉ်းသူတစ်ဦးကို ၎င်း၏ဆန္ဒအရ တက္ကသိုလ်ဆက်လက် တက်ရောက်နိုင်မည့် အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုကြောင်း သတင်း ပို့တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

         (ဃ)    လည်ပင်း သွေးကြော ဖောင်းခြင်းနှင့် နှာခမ်းပြာ ရောဂါဖြစ်ပွားနေသည့် အကျဉ်းသူ တစ်ဦးကို လိုအပ်သလို စစ်ဆေးကုသပေးသင့်ပါသည်။

         (င)   HIV ​ရောဂါသည်အကျဉ်းသားများမှ ART ​ဆေးတစ်မျိုးတည်းသာ ရရှိကြောင်း သတင်းပို့တင်ပြသဖြင့် အာဟာရဖြစ်စေမည့် အစားအစာများ ဖြည့်စွက်ကျွေးမွေး သင့်ပါသည်။

၃။      သနန်စိုက်/မွေးစခန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

        (က)    ကိုယ်အင်္ဂါ မသန်စွမ်းသည့် အကျဉ်းသား လုပ်အားရှင် တစ်ဦးသည် ပြင်ပတွင်လည်း ဗိုက်ခွဲ ထားသည့်ဒဏ်ရာရှိခြင်းကြောင့် အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်နိုင်ရေး လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။

        (ခ)   ညအိပ်ဧည့်တွေ့ဆောင်မှာ ၃ ခန်းသာရှိသဖြင့် အကျဉ်းသားအင်အားနှင့် မျှတမှု မရှိသောကြောင့် တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

        (ဂ)   စခန်းဆေးခန်းတွင် နေ့စဉ်သုံးဆေးဝါးများ ပိုမိုဖြည့်ဆည်းသင့်ပါသည်။

၄။      မြို့သစ်စိုက်/မွေးစခန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

          (က)    စခန်းဆေးခန်းတွင် နေ့စဉ်သုံးဆေးဝါးများ ပိုမိုဖြည့်ဆည်းပေးထားသင့်ပါသည်။

          ( ခ )   စခန်းစာကြည့်တိုက်တွင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို ထပ်မံ ဖြည့်ဆည်း ထားသင့် ပါသည်။

၅။      ဗန္ဓုလစိုက်/မွေးစခန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

          (က)    စခန်းရှိ လုပ်အားရှင်များမှာ ချောင်းဆိုးနေသူများသဖြင့် စနစ်တကျ ကုသမှု ပေးနိုင်ရေး တာဝန်ရှိသူများမှ ဆောင်ရွက်ပေးသင့်ပါသည်။

          ( ခ )   စခန်းစာကြည့်တိုက်တွင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို ထပ်မံ ဖြည့်ဆည်းထား သင့်ပါသည်။

၆။      အုတ်ဖိုကန်ဘောင်စိုက်/မွေးစခန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

        (က)    စခန်းရှိ အကျဉ်းသား ၁၅ ဦးခန့်တွင် ယားနာများ ပေါက်နေသဖြင့် ပျောက်ကင်းစေရေး ဆေးဝါးများ ဖြည့်ဆည်းခြင်း၊ တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးစေခြင်းတို့ကို ပြုလုပ်စေ သင့်ပါသည်။

       (ခ)   ကျန်းမာရေး မကောင်းသည့် အကျဉ်းသား ၄ ဦးကို အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်သင့်ပါသည်။

   (ဂ)   စခန်း စာကြည့်တိုက်တွင် ဗဟုသုတရရှိစေပြီး စိတ်ကို နူးညံ့သိမ်မွေ့စေမည့် စာအုပ်စာပေများ၊ စာဖတ်တတ်ခါစ အကျဉ်းသားများအတွက် ဖတ်ရှုရန် လွယ်ကူ စေမည့် စာအုပ်စာပေများ(ဥပမာ-​ရွှေသွေး၊ တေဇကဲ့သို့သော စာအုပ်များ) ကို ဖြည့်ဆည်းပေးသင့်ပါသည်။

၇။      ရာဇဂြိုဟ်(၁)စိုက်/မွေးစခန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

         (က)    စခန်းစားဖိုကြီးနှင့် အိပ်ဆောင်များတွင် ယင်ကောင်များသဖြင့်လျော့ပါးစေရေး ဆေးဖြန်းခြင်း၊ ​သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်သင့်ပါသည်။

        (ခ)   ကောက်စိုက်ချိန်ရာသီတွင် ဆေးနားအကျဉ်းသားများအား အနားမပေးကြောင်း သတင်းပို့ တင်ပြ ကြသဖြင့် ဆေးနားလက်မှတ် ရရှိပါက တာဝန်ရှိသူများမှ အနားပေးသင့်ပါသည်။

        (ဂ)   စခန်းရှိ ဆေးခန်းတွင် တစ်ကိုယ်ရေသုံးဆေးဝါးများ ထပ်မံ ဖြည့်ဆည်းသင့်ပါသည်။

       (ဃ)    အိပ်ဆောင်များရှိ ရေဘူး၊ ရေခွက်များမှာ သန့်ရှင်းမှု မရှိသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သင့် ပါသည်။

၈။      ရာဇဂြိုဟ်(၂)စိုက်/မွေးစခန်းများနှင့် ပတ်သက်၍အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

    (က)    စခန်းရှိ အကျဉ်းသားအချို့တွင် ယားနာနှင့်ပွေးများ ပေါက်နေကြသဖြင့် ပျောက်ကင်းစေရေး တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးခိုင်းခြင်း၊ ဆေးဝါးများ ဖြည့်ဆည်း ပေးခြင်းများကို တာဝန်ရှိသူ များ ဆောင်ရွက်ပေးသင့်ပါသည်။

      (ခ)   အိပ်ဆောင်များရှိ ရေသန့်ဗူးများ သန့်ရှင်းမှု မရှိကြောင်း တွေ့ရှိရသဖြင့် သန့်ရှင်းရေး ဆောင်ရွက် စေသင့်ပါသည်။

     (ဂ)   အကျဉ်းသားတစ်ဦးမှာ ပြင်ပတွင် ရှိစဉ်က ဆိုင်ကယ်မှောက်သည့်အချိန် ခြေသလုံးရိုးကျိုး  ဒဏ်ရာ ရရှိခဲ့ရာ အလုပ်ကြမ်း မလုပ်နိုင် ကြောင်း သတင်း ပို့တင်ပြသဖြင့် အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်သင့်ပါသည်။

    (ဃ)    စခန်းစာကြည့်တိုက်တွင် ဗဟုသုတရရှိစေပြီး စိတ်ကို နူးညံ့စေမည့် စာအုပ်စာပေများ ထပ်မံ ဖြည့်ဆည်းသင့်ပါသည်။

၉။      စိုက်/မွေးစခန်းများတွင် စခန်း တစ်ခုလျှင် အနည်းဆုံး ကျန်းမာရေးမှူး ၁ ဦး၊ သူနာပြု ၁ ဦးတို့ရှိစေ ရေး ဖြည့်ဆည်းပေးသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်