မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၃၆/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ မြိတ်အကျဉ်းထောင်၊ နတ်စင်ကုန်း၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်းများ၊ ဆင်ဖြူရှင် စိုက်/ မွေးစခန်းနှင့် ရဲစခန်းအချုပ်ခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှု စစ်ဆေး ခဲ့ပြီး အောက်ပါအကြံပြုချက်များကို ပေးပို့ခဲ့ပါသည်။

၂။      မြိတ်အကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    HIV ၊ TB ​ရောဂါ ခံစားနေရသော အကျဉ်းသား တစ်ဦး၏ မိသားစုမှာ ရန်ကုန်မြို့ တွင် နေထိုင်သောကြောင့် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ပါက မိသားစုနှင့် နီးရာ အကျဉ်းထောင် တစ်ခုခုသို့ ပြောင်းရွှေ့ ပေးသင့်ပါသည်။

( ခ )   မိသားစုနှင့် အဆက်အသွယ် မရရှိသေးသည့် အကျဉ်းသားတစ်ဦးအား မိသားစုနှင့် အဆက်အသွယ် ရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

၃။      ကျောက်ဖြူတောင်၊ နတ်စင်ကုန်းကုန်ထုတ်စခန်းများနှင့် ပတ်သက်သည့် အကြံပြုချက် များမှာ-

(က)    နတ်စင်ကုန်းစခန်း လုပ်ငန်းခွင်တွင် လုပ်အားရှင်များ နားရန်နေရာနှင့် စခန်း ဆေးခန်း တို့ကို အမြန် ဆောက်လုပ်ပေးသင့်ပါသည်။

( ခ )   နတ်စင်ကုန်းစခန်းမှ ကျေးလက်ကျန်းမာရေးဌာနသို့  နေမကောင်းသူများအား နေ့စဉ် အသွား အပြန် လုံခြုံရေး ရယူ ပြသပေးနေရသောကြောင့် ကျန်းမာရေးမှူးအား အပတ်စဉ် ပင့်ဖိတ် ကုသနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

(ဂ)   အကျဉ်းသားတစ်ဦးမှာ ယခင်ကလည်း TB  ​ရောဂါဖြစ်ဘူးသူတစ်ဦး ဖြစ်ပြီး ယခု တွင်လည်း အသက်ရှုမဝဘဲ ရင်ဘတ်အောင့်နေသဖြင့် စစ်ဆေးကုသပေး သင့်ပါသည်။

(ဃ)    အကျဉ်းသားမှာ အသက်ရှုကြပ်ရောဂါ ခံစားနေရကြောင်း တင်ပြသဖြင့် စစ်ဆေး ကုသပေးသင့်ပါသည်။

၄။      ဆင်ဖြူရှင် စိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းသားတစ်ဦးမှာ မျက်စိမှုန်နေပြီး မျက်မှန်တပ်ဆင်လိုကြောင်း တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

( ခ )   လုပ်ငန်းခွင်တွင် မိလ္လာမရှိခြင်းနှင့် အိပ်ဆောင်များတွင် ညမိလ္လာ ၁ လုံးစီသာ ရှိခြင်း ကြောင့် ထပ်မံ တိုးချဲ့တည်ဆောက်ပေးသင့်ပါသည်။

( ဂ )   စခန်းရှိ စာကြည့်တိုက်တွင် ဗဟုသုတရရှိစေပြီး စိတ်ကိုနူးညံ့စေမည့် စာအုပ်စာပေ များ ထပ်မံ ဖြည့်ဆည်းပေးသင့်ပါသည်။

၅။      ကုန်ထုတ်စခန်းများ၊ စိုက်/မွေးစခန်းများတွင် ဖွဲ့စည်းပုံအရ ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းရန် အခက်အခဲရှိနိုင်သဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ ရှေးဦးသူနာပြု သင်တန်း နှင့် သူနာပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်