မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ်(၃၅ / ကာကွယ်/ ၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြ၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဦးခင်မောင်လေးနှင့် အတွင်းရေးမှူး (ခေတ္တညွှန်ကြားရေးမှူးချုပ်) ဦးဘုန်းကြွယ် တို့သည် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ ကော်မတီဝင်များ၊ ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီ၊ ကော်မတီဝင်များနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

၂။      အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေး ဆိုင်ရာကော်မတီနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကြားဖြတ်ရွေးကောက်ပွဲ သွားရောက် ကြည့်ရှု လေ့လာခြင်းကိစ္စ၊ ဒိုက်ဦးမြို့နယ်တွင် တစ်သောင်းတန် ငွေစက္ကူအတုကိစ္စဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးငယ်၏ အမှုကိစ္စ၊ ဒေါက်တာစိုးသူရဇော် အားစုံစမ်းစစ်ဆေး အရေးယူ နေသည့်ကိစ္စ၊ မြင်းခြံအမှတ် (၇) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ၊ တမူးဒေသရှိ အကျဉ်းစခန်းများကိစ္စ၊ အကျဉ်း ဦးစီးဌာန ကျောက်ထုတ်စခန်းများတွင် လုပ်အားခ ၂၀၀ ကျပ် ရရှိနေသည့်ကိစ္စ၊ UPR အစီရင်ခံစာ တင်ပြရေးကိစ္စ၊ ဘိုကလေးအချုပ်ခန်းတွင် အကျဉ်းသားတစ်ဦးသေနတ်မှန် သေဆုံးသည့်ကိစ္စများကို ကော်မတီဝင်လွှတ်တော် ကိုယ်စားလှယ်များကမေးမြန်းသဖြင့် ကော်မရှင် အဖွဲ့ဝင် များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၃။      ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိမျက်မှောက် အခြေအနေ ၌ ရဲစခန်းအချုပ်ခန်းများတွင် ညှဉ်းပန်းနှိပ်စက်မှုများ မကြာခဏ ဖြစ်ပွားနေသည့်ကိစ္စ၊ အကျဉ်းထောင်များသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သွားရောက်စစ်ဆေး၍ အကြံပြုချက်များ ပေးပို့နေသော်လည်း ရမည်းသင်းအကျဉ်းထောင်အား လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်စစ်ဆေးသည့်အခါ ယင်ကောင်အလွန်များနေသည့်ကိစ္စ၊ တာချီလိတ်ရဲအချုပ်ထောင် တွင် မူးယစ်တရားခံများ အလွန်များပြားကြပ်ညပ်နေသည့်ကိစ္စ၊ NGOs၊ CSOs၊ ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများနှင့် ယခု ထက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ Business and Human Rights ဆိုင်ရာကိစ္စရပ်များ၊ အလုပ်သမားအခွင့်အရေး ပြဿနာများ၊ မိတ္ထီလာမလှိုင်ကိစ္စ၊ လူ့အခွင့်အရေး ရုပ်မြင်သံကြားပညာပေးအစီအစဉ် ရိုက်ကူးရေး ကိစ္စများကို ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

၄။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အမျိုးသားလွှတ်တော် နိုင်ငံသားများ ၏မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့်  ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီတို့မှ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပုံမှန်တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုတွေ့ဆုံဆွေးနွေး လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

                                                                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်