မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ်(၃၄/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ပါဝင်သည့်ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ အကျဉ်းဦးစီးဌာနအောက်ရှိ ဂယ်လောင်း၊ ကြူအင်း၊ ဟိုခို၊ လွင်ကြီး၊ ကုန်းစံစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း များကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါ အကြံပြု ချက်များကို ပေးပို့ခဲ့ပါသည်။

၂။      ဂယ်လောင်းစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)   စခန်းတည်နေရာသည် အုပ်ချုပ်မှုအရ အလွန်ဝေးကွာသော အခြေအနေတွင် တည်ရှိပြီး စခန်းရှိဝန်ထမ်းအင်အားမှာ ၂၀ ဦးသာရှိသဖြင့် ဝန်ထမ်းအင်အားကို အဓိကထား၍ ဖြည့်ဆည်းပေးသင့်ပါသည်။

(ခ)    စခန်းရှိအကျဉ်းသားအချို့တွင် ပွေး၊ဝဲ၊ယားနာအချို့တွေ့ရှိရသဖြင့် ပျောက်ကင်း စေရေးလိမ်းဆေးနှင့် သောက်ဆေးများ ဖြည့်ဆည်းပေးသင့်ပါသည်။

(ဂ)    ညဘက်တွင် ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်ဖြင့် ရရှိသည့် အလင်းရောင်မှာ လုံလောက်မှု မရှိသဖြင့် လျှပ်စစ်မီးကောင်းစွာ ရရှိရေး ဆောင်ရွက်ပေးသင့် ပါသည်။

(ဃ)   အကျဉ်းသားလုပ်အားရှင်အချို့တွင် ငှက်ဖျားရောဂါဖြစ်ပွား ကြောင်းသိရှိရသဖြင့် ငှက်ဖျားတိုက်ဖျက်ရေးနှင့် ညှိနှိုင်းပြီး ကာကွယ်ဆေး ကျွေးခြင်းနှင့်ခြင်ဆေး ပုံမှန်ဖြန်းပေးသင့်ပါသည်။

(င)    အကျဉ်းသားတစ်ဦး၏မိသားစုမှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တွင် နေထိုင်ပြီး ထောင်ဝင်စာ လာရောက်တွေ့ဆုံရန် ခက်ခဲကြောင်း သတင်းပို့ တင်ပြ သဖြင့် အဆင်ပြေသည့်အချိန်တွင် ပြောင်းရွှေ့ပေးသင့်ပါသည်။

(စ)    အသည်းရောင်စီပိုး ရှိသည်ဟုသတင်းပို့ တင်ပြသောအကျဉ်းသားတစ်ဦးနှင့် အစာအိမ် ရောဂါရှိကြောင်း သတင်းပို့တင်ပြသော အကျဉ်းသားတစ်ဦးကို လိုအပ် သောကုသမှုများ ခံယူနိုင်ရန် သင့်လျော်သည့် အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးသင့်ပါသည်။

(ဆ)   စခန်းရှိအိပ်ဆောင်များအောက်ခင်းသည် သံမံတလင်းပေါ်တွင် ဝါးကပ်ခင်းများ ဖြင့်သာခင်းထားကြောင်းတွေ့ရှိရသဖြင့် သစ်သားကြမ်းခင်းများလဲလှယ်ပေးသင့်ပါသည်။

၃။      ကြူအင်းစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)   လက်ရှိတွင် ကျန်းမာရေးမှူး(၁) တစ်ဦးဖြင့် ကြူအင်းစခန်းနှင့် ကောင်းမှု စခန်းခွဲ ၂ ခုလုံးကိုကုသနေရသဖြင့် ကောင်းမှု စခန်းအတွက် ကျန်းမာရေးမှူး သို့မဟုတ်သူနာပြု ၁ ဦးကိုသီးခြားတောင်းခံဖြည့်ဆည်းပေးသင့်ပါသည်။

( ခ )  “အ”သုံးလုံးသင်တန်းဆင်း အကျဉ်းသားများကို ရုပ်ပြ၊ ကာတွန်းနှင့် ဗုဒ္ဓဝင် ကဲ့သို့သော စာပေများဖတ်ရှုစေခြင်းဖြင့် ပိုမို တိုးတက်ရန် ဆောင်ရွက်ပေး သင့်ပါသည်။

၄။      ဟိုခိုစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)   လက်ရှိတွင် ဗီဒီယိုကို သာကြည့်ရှုခွင့်ရရှိပြီး အကျဉ်းသားအများစုက တီဗွီ သတင်း ကြည့်ရှုလိုကြောင်း တင်ပြကြသဖြင့် လိုအပ်သလိုစီစဉ် ဆောင်ရွက် ပေးသင့်ပါသည်။

(ခ)    မိလ္လာရေခပ်သည့် စနစ်အစားအခြား အဆင်ပြေနိုင်မည့် ရေလောင်း မိလ္လာစနစ် ကို ပြုလုပ်ပေးသင့်ပါသည်။

(ဂ)    အကျဉ်းသားတစ်ဦးမှာ ထောင်တွင်း အယူခံတင်လိုကြောင်း သတင်းပို့ တင်ပြ သဖြင့် လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက် ပေးသင့်ပါသည်။

၅။      လွင်ကြီးစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)   ဘယ်ဘက်မျက်ခုံးတွင် အကြိတ်ပေါက်နေသည့် အကျဉ်းသားတစ်ဦးကို လိုအပ် သလို စစ်ဆေးကုသပေးသင့်ပါသည်။

( ခ )  တစ်ကိုယ်လုံးနီးပါးဝဲ၊ယားနာရောဂါ ကာလကြာရှည် ဖြစ်နေသော အကျဉ်းသား တစ်ဦးကို ဆေးရုံရှိရာ အကျဉ်းထောင် တစ်ခုခုသို့ ပို့ဆောင်ကုသနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

( ဂ )  လည်ပင်းတွင် အကြိတ်ဖြစ်နေသော အကျဉ်းသားတစ်ဦး၏ ဆေးစစ်ချက် တင်ထားကြောင်း သတင်းပို့တင်ပြသဖြင့် လိုအပ် သလိုစစ်ဆေး ကုသပေးသင့် ပါသည်။

(ဃ)   ပြင်ပမှာကတည်းက ဆိုင်ကယ်မှောက်သည့် ဒဏ်ရာဖြင့်အူဖြတ်၍ ဗိုက်ခွဲထား ခြင်း၊ ခြေလက်များ အဆစ်ပြုတ်ထားသည့် အကျဉ်းသားတစ်ဦးကို မိသားစုနှင့် နီးစပ်ရာ အကျဉ်းထောင်တခုခုသို့ ပြောင်းရွှေ့နိုင်ရေး လိုအပ်သလို ဆောင်ရွက် ပေးသင့်ပါသည်။

( င )  ပြင်ပတွင် ဗိုက်ခွဲပြီး ကျောက်ကပ်ထုတ်ထားရသည့် အကျဉ်းသားတစ်ဦးကို အကျဉ်းထောင် တစ်ခုခုသို့ ပြောင်းရွှေ့လိုကြောင်း သတင်းပို့ တင်ပြရာ လိုအပ် သလို ဆောင်ရွက်ပေးသင့်ပါသည်။

၆။      ကုန်းစံစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)   စခန်းတွင် နေ့မိလ္လာ၁ လုံး၊ အိပ်ဆောင် ၃ ဆောင်၌ ၁ ဆောင်လျှင် ညမိလ္လာ ၂ လုံးစီသာရှိပြီး လူအင်အားအရ လုံလောက်မှု မရှိကြောင်း သိရှိရသဖြင့် လိုအပ် သလို ဆောက်လုပ်ပေးသင့်ပါသည်။

(ခ)    အကျဉ်းသား လုပ်အားရှင်များကို စိတ်ကိုနူးညံ့သိမ်မွေ့စေမည့် ဇာတ်လမ်း ရုပ်ရှင်များကိုသာပြသပေးသင့်ပါသည်။

( ဂ )  အလုပ်မှပြန်လာချိန်တွင် သုံးရေမလောက်ငှကြောင်းသတင်းပို့ တင်ပြသဖြင့် လိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)   ညမိလ္လာမှာအိပ်ဆောင် တစ်ဆောင်လျှင် ၂ လုံးသာရှိသဖြင့် အပေါ့သွားရန် နေရာများတိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

( င )  ရေသန့်စက် ပျက်နေကြောင်းသိရသဖြင့် အမြန်ပြင်ဆင်သင့်ပါသည်။

( စ )  နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များကိုအချိန်နှင့် တပြေးညီရရှိရေးအတွက် တာဝန်ရှိသူများမှ ဆောင်ရွက်ပေးသင့်ပါသည်။

(ဆ)   အိပ်ဆောင်(၃)မှာအလင်းရောင်အားနည်း၍ မှောင်နေခြင်းလေဝင်လေထွက် နည်းခြင်းတို့ကြောင့် လေပန်ကာများ တပ်ဆင်ပေးခြင်း အပါအဝင် လိုအပ်သလို စီစဉ် ပေးသင့်ပါသည်။

( ဇ )   အကျဉ်းသားအချို့တွင် ပွေး၊ ဝဲ၊ ယားနာများပေါက်နေကြောင်းတွေ့ရှိရသဖြင့် လိုအပ်သောဆေးဝါးများဖြည့်ဆည်း၍ ကုသပေးသင့်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်