မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၃၃/ကာကွယ်/၂၀၁၈)

၁။      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မ ရဲစခန်းအချုပ်ခန်းတွင် အငှား ယာဉ်မောင်း ဖြစ်သူ ကိုအောင်အောင် ကို ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးချုပ်နှောင်ပြီး ရဲတပ်ဖွဲ့ဝင်များက နည်းမျိုးစုံ နှိပ်စက်ညှဉ်းပန်းစစ်ဆေးခဲ့သောကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွား ကြောင်း သေဆုံးသူ ၏ မိခင်ဖြစ်သူက ကော်မရှင်သို့ တိုင်တန်းချက်ပေးပို့လာ ပါသည်။

၂။      အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေး‌ရေးအဖွဲ့သည် ၂၀-၁၁-၂၀၁၈ ရက်နေ့တွင် အခင်းဖြစ်ပွားရာ သန်လျင်မြို့နယ်ရှိ တိုင်တန်းသူ မိသားစုဝင်များအား လည်း ကောင်း၊ ၂၃-၁၁-၂၀၁၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်ရှိ အမှုမှ တရားခံ ၂ ဦးကို လည်း ကောင်း၊ ၂၆-၁၁-၂၀၁၈ ရက်နေ့တွင် လိုအပ်သော သက်သေကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင်ရုံးသို့ ခေါ်ယူ၍လည်းကောင်း၊ ၂၈-၁၁-၂၀၁၈ ရက်နေ့တွင် သန်လျင်မြို့မ ရဲစခန်း ရဲတပ်ဖွဲ့ဝင်များအားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကော်မရှင် စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားခဲ့ပါသည်။

၃။      ကော်မရှင်၏ အကြံပြုချက်များတွင် အမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ တာဝန်ရှိသော ရဲတပ်ဖွဲ့ဝင် များကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်သင့်ကြောင်း၊ အရေးယူ ဆောင်ရွက်ထားရှိမှုများကိုလည်း သေဆုံးသူ ကိုအောင်အောင်၏ မိသားစု အား ခရိုင်/တိုင်းအဆင့် တာဝန်ရှိသူများက နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား ဆွေးနွေး ဆောင်ရွက်သင့် ကြောင်း၊ ရဲစခန်းတွင် CCTV တပ်ဆင်ထားမှုစနစ်မှာ ကောင်းမွန်သည့် စနစ်တစ်ခုဖြစ်၍ ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ မလိုလား အပ်သည့်ဖြစ်ရပ်များ မပေါ်ပေါက်စေရေး သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သင့်ကြောင်း စသည့် အကြံပြုချက်များ ဖော်ပြပါရှိပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  ၄  ရက်