မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၁၉/ ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင်များဖြစ်ကြသောဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်နှင့် ဒေါက်တာ ဒေါ်တင်မေထွန်းတို့ပါဝင်သည့်ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်၂၀၁၈ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ရုံးဝန်ထမ်း၃ဦးနှင့်အတူ အင်းစိန်ဗဟိုအကျဉ်းထောင်အားကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့အကြံပြုခဲ့ပါသည်။

၂။      အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ဘာယာတန်းများတွင် အမှိုက်ပုံးများ ထားရှိနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     အကျဉ်းသားအမှတ် အစ/၁၆/၁၀၇၁၅/က Milen Atavasov Tasev ၏ သတင်းပို့ ချက်အရ ဘူဂေးရီးယားနိုင်ငံမှ ၎င်း၏ ဇနီးလာရောက်တွေ့ဆုံချိန်တွင် အခြားနိုင်ငံခြားသား အကျဉ်းသားများနည်းတူ အချိန်ကြာကြာ တွေ့ဆုံခွင့်ရရှိနိုင်ရေး လုပ်ထုံးလုပ်နည်း များနှင့် အညီ စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အကျဉ်းသားအမှတ် အစ/၁၈/၀၅၂၂၂/က မောင်မောင်လွင်မှာ ခြေထောက်တွင် ထည့် ထားသောစတီးချောင်းမှာ ရာသီဥတု အေးချိန်နှင့်ညအချိန်များတွင် ကိုက်ခဲနေကြောင်း သတင်းပို့တင်ပြသဖြင့် အရိုးအထူးကုဆရာဝန်ဖြင့် ပြသပေးသင့်ပါသည်။

(ဃ)    အကျဉ်းထောင် တာဝန်ခံအရာရှိသည် အကျဉ်းသားများက သတင်းပို့သည့် အခက်အခဲများကို အဆင်ပြေစေရန် ဖြေရှင်းပေး သည့်အပြင် အကျဉ်းသားအများစုမှလည်း တာဝန်ခံအရာရှိအပေါ်တွင် ယုံကြည်ကိုးစားမှု ရှိသည်ဟု သိရှိရသဖြင့် အစဉ်အလာ ကောင်းကို ဆက်လက် ထိန်းသိမ်းထားသင့်ပါသည်။

(င)     မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူ တွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသား များအား ကော်မရှင် ဥပဒေပုဒ်မ ၃၈ အရ လက်တုံ့ပြန် အရေးယူမခံရစေရေး အလေးထားဆောင်ရွက်ပေးပါရန်တို့ ဖြစ်ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ  ၂၅ ရက်