၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့်ဒေါက်တာမြင့်ကြည်တို့ ပါဝင် သည့်ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်၂၀၁၈ခုနှစ်၊ မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိရုံးဝန်ထမ်း၃ဦးနှင့် အတူထားဝယ် အကျဉ်းထောင်နှင့်ရဲစခန်းအချုပ်ခန်းများအားကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ ပေးပို့အကြံပြုခဲ့ပါသည်။
၂။ ထားဝယ်ကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-
(က) အိပ်ဆောင် ၁၊ အခန်း ၄ တွင် ဖယောင်းပုဆိုးများစုတ်ပြဲနေသဖြင့် အသစ် လဲလှယ် ပေးသင့်ပါသည်။
(ခ) အိပ်ဆောင်များတွင် ကြမ်းပိုးများပေါများကြောင်းသိရှိရသဖြင့် ပိုးသတ်ဆေးများပုံမှန်ဖြန်းပေးသင့်ပါသည်။
(ဂ) အကျဉ်းသားများအဝတ်စိုများလှန်းရန် အိပ်ဆောင်အလိုက် အဝတ်လှန်းစင်များပြုလုပ်ပေးသင့်ပါသည်။
(ဃ) အတန်းပညာဆက်လက်သင်ကြားရန် ဆန္ဒရှိသူအကျဉ်းသား/အကျဉ်းသူများကိုစိစစ်၍ သင်ကြားနိုင်ရေးအထက် အဆင့်ဆင့် သို့ တင်ပြဆောင်ရွက်သင့်ပါသည်။
(င) အကျဉ်းသားများကိုနေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ်ဂျာနယ်အချို့ကိုလွယ်ကူစွာဖတ်ရှုနိုင်ရေးဆောင်ရွက် ပေးသင့် ပါသည်။
(စ) အိပ်ဆောင် (၁) အပေါ်ထပ်သည် မျက်နှာကျက်နှင့် ကြမ်းပြင်နီးလွန်းသောကြောင့် အကျဉ်းသားများအပူဒဏ်ကိုခံစားနေရသဖြင့် လိုအပ်သလိုပြုပြင်နိုင်ရေးတင်ပြဆောင်ရွက်သင့်ပါသည်။
(ဆ) ထောင်ဝင်စာတွေ့ဆုံသည့်အခန်းရှိအပေါက်မှာကျဉ်းလွန်းပြီးတစ်ဖက်သို့ မမြင်ရသဖြင့် နည်းလမ်းရှာဖွေဆောင်ရွက် သင့်ပါသည်။
(ဇ) လက်ရှိတွင် ရုပ်မြင်သံကြားကို ည ၈:၄၅ အချိန်ထိအစား ည ၉:၀၀ နာရီအချိန်ထိကြည့်ရှုခွင့်ပေးသင့်ပါသည်။
(ဈ) အကျဉ်းသားအမှတ် ထဝ/၁၇/၀၀၂၀၅/က သူရိန်အောင်မှ အကြောတက်ရောဂါ ရှိကြောင်းတင်ပြသဖြင့် ဆေးစစ်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။
(ည) အကျဉ်းသားအမှတ် ထဝ/၁၈/၀၀၁၂၇/က ဟိန်းသူစိုးမှာအစာအိမ်ရောင်ရောဂါနှင့် အသည်းရောင်ရောဂါရှိပြီး အကျဉ်းထောင်အတွင်းဆေးရုံတွင် ကုသရာသက်သာမှုမရှိကြောင်းသတင်းပို့သဖြင့် လိုအပ်သလိုဆောင်ရွက်ပေးသင့်ပါသည်။
(ဋ) မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသား များအား ကော်မရှင် ဥပဒေပုဒ်မ ၃၈ အရ လက်တုံ့ပြန် အရေးယူမခံရစေရေး အလေးထားဆောင်ရွက်ပေးပါရန်တို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်