မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၃၅/ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်တွေမြို့နှင့် ဘူးသီးတောင် မြို့များရှိ အကျဉ်းထောင်များနှင့် ရဲစခန်းအချုပ်ခန်းတို့အား ၁၁-၁၂-၂၀၁၇ နေ့နှင့် ၁၄-၁၂-၂၀၁၇ ရက်နေ့များတွင် ကြည့်ရှုစစ်ဆေးခဲ့ ပြီး တွေ့ရှိချက် များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      စစ်တွေအကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းထောင်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ (ဥပမာ-​ခြေထောက်ဒူးအောက်ပိုင်း ပြတ် နေသူ)များနှင့် အသက်ကြီးသူများသည် အလေးသွားရန် အဆင်မပြေမှုများ ရှိကြောင်း သိရှိရသဖြင့် ဘိုထိုင်အိမ်သာ (သို့မဟုတ်) ဘိုထိုင်ကဲ့သို့ အသုံးပြုနိုင်သည့် သစ်သားခုံ သို့မဟုတ် စတီးခုံ သို့မဟုတ် ပလပ်စတစ်ခုံများအား ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက် ပေးရန်၊

(ခ)     အချုပ်သားများ ရုံးထုတ်ချိန်တွင် ထောင်ဘူးဝ ပထမတံခါးနှင့် ဒုတိယတံခါးအကြား တွင် လုံခြုံရေးကို မထိခိုက်နိုင်ပါက ဖိနပ် စီးနင်းခွင့်ပြုပေးရန်၊

(ဂ)     အိပ်ဆောင်များအောက်ထပ်၌ အပေါ်ထပ်မှ သဲများ အမှုန်များနှင့် ရေကဲ့သို့ပစ္စည်းများ ကျသဖြင့် ပလပ်စတစ်မျက်နှာကြက်တပ်ဆင်ပေးရန်၊

(ဃ)    အမျိုးသမီးအဆောင်မှ အကျဉ်းသူ ၁၅ ဦးအား နေ့စဉ်(တနင်္ဂနွေမပါ) မျက်တောင်တု လုပ်ငန်းကို လူလဲခြင်းမရှိဘဲ ခိုင်းစေသဖြင့် မျက်လုံးညောင်းခြင်း၊ အကြောတက်ခြင်း များဖြစ်သဖြင့် အလှည့်ကျ အနားပေးရန်၊

(င)     အကျဉ်းထောင်အတွင်း နေ့လည်ခင်း တန်းပိတ်ချိန်များတွင် ရုပ်မြင်သံကြား ကြည့်ရှု ခွင့်အား လုံခြုံရေးနှင့် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများနှင့် မဆန့်ကျင်ပါက ခွင့် ပြုပေးရန်၊

(စ)     ပြစ်ဒဏ်မှ လွတ်ပြီးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ဧည့်အချုပ်သား ၉ ဦးကို ၎င်းတို့ နိုင်ငံကို ပြန်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရန်၊

(ဆ)    သောက်ရေမှာ ရေသန့်စက်မှ မဟုတ်ဘဲ သာမန်သုံးရေများကိုသာ သောက်နေရ ကြောင်း သိရှိရသဖြင့် ရေသန့်စက်အား ပြုပြင်ပေးရန်၊

(ဇ)     သောက်ရေထည့်သော ပလတ်စတစ်ဘူးကြီးများမှာ သန့်ရှင်းမှုမရှိဘဲ ကျန်းမာရေးနှင့် မကိုက်ညီကြောင်း တွေ့ရှိရသဖြင့် သောက်ရေသန့်ရရှိရေးအပြင် ရေဘူးများ သန့်ရှင်း မှုရှိရေး စီစဉ်ဆောင်ရွက်ပေးရန်၊

(ဈ)     ဆေးခန်းလိုက် အကျဉ်းသားများကို စနစ်တကျ စစ်ဆေးကုသပေးရန်နှင့် ရောဂါနှင့် သက်ဆိုင်သည့် ဆေးဝါးများကိုသာပေးရန်၊

(ည)    အကျဉ်းထောင်အတွင်း ဘောလုံး(ဂိုးကျင်းစနစ်) ကန်ခွင့်ပြုရန် တောင်းဆိုသည့် အကျဉ်းသားများရှိသဖြင့် လုံခြုံရေးကို မထိခိုက်သည့်အပြင် သင့်လျော်သည့် မြေ နေရာရှိပါက စီစဉ်ဆောင်ရွက်ပေးရန်၊

(ဋ)     ထောင်ဝင်စာတွေ့ဆုံခန်းအား တစ်ကြိမ်လျှင် ၁၅ ဦးခန့်ထိ တွေ့ဆုံနိုင်ရေးအတွက် လိုအပ်သလို တိုးချဲ့ပေးရန်၊

၃။      ဘူးသီးတောင်အကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အကျဉ်းထောင်ဆေးခန်းတွင် သက်တမ်းလွန်ဆေးဝါးအချို့ တွေ့ရှိရသဖြင့် ၎င်းတို့ကို မသုံးစွဲမိစေရန်၊

(ခ)     HIV ၊ TB ရောဂါသည် အကျဉ်းသူ၊ အကျဉ်းသားများအားလည်းကောင်း၊ မိခင် အကျဉ်းသူများနှင့် အတူပါရှိလာသော ကလေးငယ်များအားလည်းကောင်း ဖြည့်စွက် အာဟာရများ ထပ်တိုးကျွေးမွေးပေးရန်၊

(ဂ)     အကျဉ်းသား/အကျဉ်းသူအချို့မှ စစ်တွေမြို့ရှိ မိသားစုဝင်များထံ စာရေးသား ဆက်သွယ်လိုကြောင်း သတင်းပို့သဖြင့် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးရန်၊

(ဃ)    ထောင်ဝင်စာတွေ့ဆုံခန်းအား တစ်ကြိမ်လျှင် ၁၅ ဦးခန့်ထိ တွေ့ဆုံနိုင်ရေးအတွက် လိုအပ်သလို တိုးချဲ့ပေးရန်၊

(င)     တရားရုံးထုတ်စဉ် အချုပ်ကားတစ်စီးလျှင် အကျဉ်းသား ၅၀ ဦးခန့် တင်ဆောင် သွားရသဖြင့် မော်တော်ယာဉ်စီးရေ တိုးချဲ့ခြင်း၊ အကျဉ်းသားဦးရေ လျော့ချခြင်း၊ စသည်ဖြင့် အဆင်ပြေစေရေး ဆောင်ရွက်ပေးရန်၊

(စ)     အကျဉ်းသူ အိပ်ဆောင်ရှိ ဖယောင်းပုဆိုးများ လဲလှယ်ပေးရန်၊

(ဆ)    ပြစ်ဒဏ်မှ လွတ်မြောက်ပြီးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးအား သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် ရန်၊

                                                                                                                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ  ၁၈ ရက်