၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၁၇)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်  ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခါသမယတွင် နိုင်ငံတကာ အသိုက် အဝန်းနှင့်အတူ ဤသမိုင်းဝင် နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုဆင်နွှဲအပ်ပါသည်။

၂။      ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ထုတ်ပြန် ကြေညာခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (The Universal Declaration of Human Rights – UDHR) သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နှစ် (၇၀) ပြည့်မြောက်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ လူသားအားလုံး၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် “စံ”များကို ထည့်သွင်းဖေါ်ပြထားသော အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေး​ကြေညာစာတမ်းသည် လူသားတို့၏ နေ့စဉ်လူမှုဘဝ အတွက် မည်သို့အဓိပ္ပါယ်ရှိသည်ကို ဖော်ထုတ်ပြသရန်အတွက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တစ်နှစ်တာကာလကို လူ့အခွင့် အရေးအထိမ်းအမှတ်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ဆင်နွှဲကျင်းပသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာဘာသာ သာမက ကချင်၊ ကရင် (ပိုးအရှေ့၊ ပိုးအနောက်၊ စကော)၊ မွန်၊ ရှမ်း စသည့် တိုင်းရင်းသား ဘာသာ စကားများသို့ ဘာသာပြန်ဆို၍ နိုင်ငံသားများ၏ လူ့အခွင့်အရေးအသိပညာ တိုးတက်စေရေး အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်သူများ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်အတွက် ကော်မရှင်က ကျင်းပသော လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲ များ၊ လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် အလုပ်ရုံ သင်တန်းများတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခြင်း များလည်း ပြုလုပ်ခဲ့ပါသည်။

၃။      ဤသို့သော နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ၏ တစ်နှစ်တာကာလအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ချက်များကို သုံးသပ်ဖေါ်ပြရန် အသင့်လျော်ဆုံးအချိန်လည်းဖြစ်ပါသည်။

၄။      လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်သည် ၂၀၁၇ ခုနှစ်အတွင်း၌ ပြည်နယ် နှင့် တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်ပေါင်း (၁၅) မြို့နယ်သို့ သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲများကိုလည်းကောင်း၊ လားရှိုးခရိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မကွေးခရိုင် နှင့် မြစ်ကြီးနား ခရိုင်များရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးအသိပညာပေး အလုပ်ရုံ သင်တန်းများကို လည်းကောင်း ကျင်းပခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၄) ကြိမ်၊ အမျိုးသမီးအဖွဲ့အစည်းများအတွက် လူ့အခွင့် အရေးဆိုင်ရာအလုပ်ရုံသင်တန်း (၂) ကြိမ်၊ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် ကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁) ကြိမ် ကျင်းပသကဲ့သို့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းများရှိ တပ်မတော် အရာရှိသင်တန်းများတွင်လည်း လူ့အခွင့်အရေးဘာသာရပ်များကို သွားရောက်ပို့ချ ခဲ့ပါသည်။ အလားတူပင် ကော်မရှင်သည် ၂၀၁၇ ခုနှစ်အတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တို့၌ နိုင်ငံ့ဝန်ထမ်းများအတွက် ဖွင့်လှစ်သော အရာရှိ သင်တန်းများနှင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အရာရှိ များအတွက် ဖွင့်လှစ်သော သင်တန်းများတွင် လူ့အခွင့်အရေးဘာသာရပ်ကို ပို့ချ ခဲ့ပါသည်။

၅။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းအဖြစ် တိုင်တန်းချက်များကို လက်ခံ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ လက်ခံရရှိသော တိုင်တန်းချက်ပေါင်း ၃၅၉ စောင်ကျော်ကို စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ တိုင်တန်းချက်အချို့နှင့် ပတ်သက်၍လည်း လိုအပ် သကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်အတွင်းတွင် ကော်မရှင်သည် ညောင်ဦး၊ မြင်းခြံ၊ စစ်တွေ၊ ဘူးသီးတောင်၊ အင်းစိန်၊ လားရှိုး၊ မြစ်ကြီးနား၊ ကျောက်ဖြူ၊ သံတွဲ၊ ကလေး၊ မုံရွာ၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ ဟင်္သာတ၊ သထုံ၊ သီပေါ၊ မြောင်းမြ၊ ပုသိမ်၊ မန္တလေး(ထုံးဘို)၊ ရမည်းသင်း၊ သရက်၊ တောင်ငူ၊ နေပြည်တော်၊ မြိတ်၊ ကော့သောင်း၊ သာယာဝတီ မြို့များရှိ အကျဉ်း ထောင်၊ အကျဉ်းစခန်းများသို့ လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ သွားရောက် စစ်ဆေး ခဲ့ပြီး ကော်မရှင်၏ တွေ့ရှိချက်များ၊ အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ ပေးပို့၍ အများ ပြည်သူ သိရှိနိုင်ရန်အတွက်  ထုတ်ပြန်ချက်များလည်း ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့တစ်ဖွဲ့သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု များကို သွားရောက် လေ့လာစုံစမ်းခဲ့ပြီး တွေ့ရှိချက်များနှင့် အကြံပြုချက်များပါဝင်သည့် သတင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

၆။      ကော်မရှင်သည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် အစိုးရဝန်ကြီးဌာနများသို့ ဖြန့်ချိခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဆက်သွယ် ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကလေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ဥပဒေကြမ်း တို့နှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြ ခဲ့ပါသည်။ ကော်မရှင်သည် သေဒဏ်ဖျက်သိမ်းရေးကို ရည်ရွယ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏ ဒုတိယနောက်ဆက်တွဲ စာချုပ်ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါသည်။

၇။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဒေသဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ဒေသဆိုင်ရာအစည်းအဝေးများနှင့် ဆွေးနွေးပွဲများတွင် တက်ကြွ စွာ ပါဝင်တက်ရောက်ခြင်း၊ မိမိတို့ကော်မရှင်က အဖွဲ့ဝင် အဖြစ်ပါဝင်ထားသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ်(South East Asia National Human Rights Institutions Forum – SEANF) နှင့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) တို့ကဲ့သို့ဒေသ အဆင့်လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး(Global Alliance of National Human Rights Institutions – GANHRI) နှင့် လည်းကောင်း လူ့အခွင့်အရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၈။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်  ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် လွတ်လပ်မှုကိုအခြေခံ၍ အမြင်ချင်းဖလှယ်ခြင်းအားဖြင့် နိုင်ငံတော်က ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ “ရခိုင်ပြည်နယ် အရေးကိစ္စ၊ စိန်ခေါ်မှုများနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲ” ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ တွင်ရန်ကုန်မြို့၌ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၊ ပြည်တွင်း NGOs ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲမှ ဆွေးနွေးအကြံပြုချက်များကို နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် APF ၏ ပံ့ပိုးကူညီမှုဖြင့် “သေဒဏ်ကို တရားဝင်ရပ်ဆိုင်းရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပ ခဲ့ပါ သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများမှ အဆင့်မြင့် အရာရှိများ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာမှ ကိုယ်စားလှယ်များ နှင့်ကော်မရှင် အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် သေဒဏ်ကို လက်တွေ့အကောင်အထည် ဖေါ်ဆောင်ခြင်းမရှိသဖြင့် ပြည်တွင်းပြည်ပ အကျိုးကျေးဇူးများ ရရှိနိုင် စေရန် သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ၏  ဆွေးနွေးအကြံပြုချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပါသည်။

၉။      လူ့အခွင့်အရေးနေ့အခါသမယတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံသားများ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းသန္နိဋ္ဌာန်ပြုပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်