၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ သရက်အကျဉ်းထောင်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်သာစည် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတို့အား ၂၂-၁၀-၂၀၁၇ ရက်နေ့ မှ ၂၅-၁၀-၂၀၁၇ ရက်နေ့ထိ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ သရက်အကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များ
(က) အိပ်ဆောင်အတွင်း ရေသန့်ဘူးများအား ကျန်မားရေးနှင့်ညီညွတ်စေရေးအတွက် သန့်ရှင်းစွာ ဆေးကြောပေးသင့်ပါသည်။
(ခ) လွတ်ရက်နှင့် လျှော့ရက်များကို ပွင့်လင်း မြင်သာစွာ ကြိုတင် အသိပေးသင့်ပါသည်။
(ဂ) စာကြည့်တိုက်တွင် စိတ်ဓါတ်ခွန်အားတိုးတက်ပြောင်းလဲစေမည့် သုတ၊ ရသ စာပေများ ယခုထက်ပိုမို ထားရှိပေးသင့်ပါသည်။
(ဃ) “ က” အဆင့် အကျဉ်းထောင်ဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်း ၃ ဦးသာရှိသဖြင့် အကျဉ်းထောင်ဖွဲ့စည်းပုံနှင့်အညီ ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။
(င) မိခင်များနှင့်အတူပါရှိလာသော ကလေးငယ်များ၊ သက်ကြီးအကျဉ်းသူများနှင့် ကိုယ်ဝန် ဆောင်အကျဉ်းသူများအတွက် ဖြည့်စွက်အာဟာရ ကျွေးမွေးသင့်ကြောင်း နှင့် ကျန်းမာ ရေးစောင့်ရှောက်မှု ဂရုပြုဆောင်ရွက်ပေးရန် အကြံပြုပါသည်။
(စ) အကျဉ်းသား မောင်ညွန့် (ဘ) ဦးထွန်းရီ ထောင်ဝင်အမှတ် သရ/၁၅/၀၀၂၇၉/က သည် ခြေတုစွပ်ထားရပြီး ခြေတုအံဝင်ဂွင်ကျမှုမရှိသည့်အတွက် လမ်းလျှောက်ရာတွင် အဆင်ပြေမှု မရှိခြင်းနှင့် အကျဉ်းသား သန်းထိုက် ထောင်ဝင်အမှတ် သရ/၁၇/ ၀၀၁၄၁/က နှင့် အကျဉ်းသား သန်းထွန်းဦး ထောင်ဝင် အမှတ် ပခ/၁၆/၀၀၈၁၄/က သည် မျက်မှန်တပ်ထားရပြီး အနီးအဝေး ကောင်းစွာ မြင်နိုင်မှုမရှိခြင်းတို့အတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ပြသဆောင်ရွက်ပေးသင့်ပါသည်။
(ဆ) အကျဉ်းသူများ၏ အရွယ်ရောက်သော ကလေးငယ်ကို ပညာသင်ကြားနိုင်ရေး လိုအပ် သလို စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။
၃။ ကိုးပင်သာစည် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များ
(က) အိပ်ဆောင်များအတွင်း ကြမ်းခင်းများ မညီမညာဖြစ်နေသဖြင့် ပြုပြင်ပေးသင့်ပြီး သင့်တော်သည့် အခင်းတစ်ခုခု ထားရှိပေးရန်နှင့် အိပ်ဆောင်များအတွင်း အမှိုက်ပုံးကို လုံလောက်စွာ ထားရှိပေးသင့်ပါသည်။
(ခ) သောက်သုံးရေကို ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် သန့်ရှင်းစွာသိုလှောင်နိုင်ရန် စီစဉ်ပေးသင့်ပါသည်။
(ဂ) ဆွေးမြေ့ယိုင်နဲ့နေသော ထမင်းချက်စားဖိုဆောင်နှင့် ဆေးနားဆောင်တို့အား ပြုပြင် ဆောက်လုပ်ပေးသင့်ပါသည်။
(ဃ) လွတ်ရက်နှင့် လျှော့ရက်များကို ပွင့်လင်းမြင်သာစွာ ကြိုတင် အသိပေးသင့်ပါသည်။
(င) ရေချိုးရာတွင် သတ်မှတ်ပုံစံဖြင့် ရေချိုးရသဖြင့် ရေအလုံအလောက် ချိုးခွင့်ရရှိရန် ဆောင်ရွက်ပေးသင့်ပါသည်။
(စ) ကျန်းမာရေးဝန်ထမ်းများကို ဖွဲ့စည်းပုံနှင့်အညီ ခန့်အပ်နိုင်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် လုံလောက်သည့် ဆေးဝါးနှင့် ထိရောက်သော ဆေးဝါးကုသမှုရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။
(ဆ) စာကြည့်တိုက် မရှိသဖြင့် စာကြည့်တိုက်ထားရှိပေးပြီး စာဖတ်ချိန် သတ်မှတ်ပေးသင့် ပါသည်။
(ဇ) အိပ်ဆောင် ၁ ရှိ အိမ်သာတံခါးများ ပျက်စီးနေသဖြင့် အသစ်ပြန်လည် တပ်ဆင်ပေး သင့်ပါသည်။
(ဈ) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ခြင်းနှင့် မီးသတ်ဆေးဗူးများ ပြည့်စုံလုံလောက်စွာ ထားရှိသင့် ပါသည်။
(ည) အလုပ်တာဝန်နေရာ ခွဲဝေချထားပေးရာတွင် ရှေ့တန်းနှင့် နောက်တန်းညီမျှမှုရှိစေရေး အတွက် အလှည့်ကျတာဝန်ချထားပေးရန်နှင့် သက်ကြီး အကျဉ်းသားများကို တာဝန် ချထားရာ၌ လူမှုရေးအရ သက်ညှာစွာစဉ်းစားပေးသင့်ပါသည်။
(ဋ) အကျဉ်းသားများအပေါ် စည်းကမ်းထိန်းသိမ်းသည့်အခါ ဆဲဆိုရိုက်နှက်ကြိမ်းမောင်း ထိန်းကျောင်းခြင်းများ ပြုလုပ်ခြင်းမရှိစေဘဲ အကျဉ်းထောင်လက်စွဲဥပဒေနှင့် အညီ မျှတပြီး၊ ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်သင့်ပါသည်။
(ဌ) အကျဉ်းဦးစီးဌာနဝန်ထမ်းများအတွက် ဝန်ထမ်းလိုင်းခန်းများ လုံလောက်စွာ ချမှတ် ဆောက်လုပ်ပေးသင့်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်