မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ် ( ၈ /၂၀၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ဂိတ်ဝင်းအတွင်းရှိ ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မိန်းကလေးငယ် (၂) ဦးအားဆိုင်ရှင် အမျိုးသမီးမှညှဉ်းပန်းနှိပ်စက်သည်ဟု လူမှုမီဒီယာများမှ သိရှိရသည့်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့သည် ၁၄-၃-၂၀၁၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်၍ အမှုနှင့်သက်ဆိုင်သူများအား တွေ့ဆုံစစ်ဆေး မေးမြန်းခဲ့ပါသည်။

 စစ်ဆေးချက်များအရ မင်္ဂလာဒုံမြိုမရဲစခန်းမှ တာဝန်ရှိသူများသည် သတင်းရရှိသည့် ၁၃-၃-၂၀၁၇ရက်နေ့ နံနက် ၀၃:၀၀ နာရီအချိန်တွင် စွပ်စွဲခံရသူနေထိုင်ရာ အောင်မင်္ဂလာ အဝေးပြေး ဝင်းရှိ ကုန်စုံဆိုင်သို့ ရဲတပ်ဖွဲ့ဝင်များ၊ အောင်မင်္ဂလာအဝေးပြေး ဂိတ်ဝင်းမှ တာဝန်ရှိသူများနှင့် လိုက်ပါကူညီသူများ အကူအညီရယူကာ ဝင်ရောက်ရှာဖွေပြီး နှိပ်စက်ညှဉ်းပန်းသူ အမျိုးသမီးနှင့် ထိခိုက်နစ်နာသူ မိန်းကလေးငယ်နှစ်ဦးတို့အား မင်္ဂလာဒုံမြို့မရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေး ခဲ့ကြပါသည်။

 ထို့နောက် မင်္ဂလာဒုံမြို့မရဲစခန်းမှ အမှုစစ်ဒုရဲအုပ်က တရားလိုပြုလုပ်၍ (ပ) ၃၁၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆ ဖြင့် ညှဉ်းပန်းနှိပ်စက်သူအမျိုးသမီးအား အမှုဖွင့်လှစ် အရေးယူခဲ့ သည့်အပြင် နှိပ်စက်ညှဉ်းပန်းခံရသူ မိန်းကလေးငယ် (၂)ဦးအား  အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်၍ ဆေးကုသပေးခဲ့ပါသည်။ ထို့ပြင် အမှတ်(၆)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှလည်းစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 နောက်တစ်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ထောက်ကြန့်အမျိုးသမီး ထိန်းသိမ်းစောင့် ရှောက်ရေးကျောင်း၊ ကျောင်းအုပ်ကြီးက တရားလိုပြုလုပ်၍  ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ကြပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးခွဲစိပ်ကုသဆောင်တွင် အမျိုးသမီး ကလေးငယ်(၂)ဦး အား မင်္ဂလာဒုံမြို့မရဲစခန်းမှ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးကလိုအပ် သောဆေးဝါးကုသမှုများဆောင်ရွက်ပေးနေပြီး၊ အနီးကပ် စောင့်ရှောက်ပေးနေကြပြီး၎င်းတို့၏ မိဘအုပ်ထိန်းသူများလည်း ရောက်ရှိ နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ လာရောက် ကူညီပံ့ပိုး စေတနာရှင်များနှင့် လူမှုရေး အဖွဲ့အစည်းများကအစားအသောက်နှင့် ငွေကြေးများလှူဒါန်းကြသည်ကို လည်းတွေ့ ရပါသည်။

 အထက်ပါတွေ့ရှိချက်များအရ မင်္ဂလာဒုံမြို့မရဲစခန်းမှတာဝန်ရှိသူများသည် မှုခင်းဖြစ်ပွား မှုကို သတင်းရ ရှိချိန်မှ စ၍အချိန်နှင့် တပြေးညီတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကူညီဆောင်ရွက်သူများ ပူးပေါင်းပြီးစွပ်စွဲခံရသူအား ရှာဖွေဖော်ထုတ်ခြင်း၊ အမှုဖွင့်ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းများ ကိုသိမ်းဆည်းခြင်း၊ ထိခိုက်နစ်နာသူကလေးငယ်(၂)ဦးအားသက်ဆိုင်ရာဆေးရုံသို့ ရဲဆေးစာနှင့် အတူ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်နှင့် လည်းစနစ်တကျပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်း၊ အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသနေသော ကလေးငယ်(၂)ဦးအား လိုအပ်သည့်လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ လူမှုရေးအရကူညီဆောင်ရွက်ပေးခြင်း၊ ညှဉ်းပန်းခံရသူမိန်းကလေးနှစ်ဦး၏ မိဘအုပ်ထိန်းသူများကို အချိန်မီအကြောင်းကြားပေးခဲ့ခြင်းများကိုအချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ခဲ့သဖြင့် ရဲစခန်းတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။

 ဤကဲ့သို့သောဖြစ်စဉ်များ အကြိမ်ကြိမ်ဖြစ်ပွားနေသဖြင့် အလားတူလူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုများ ထပ်မံပေါ်ပေါက်မှု မရှိစေရေးအတွက်သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ အနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း ပြီးပြည်သူလူထုထံကျ ယ်ကျယ်ပြန့်ပြန့်အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူခြင်း၊ လိုအပ်သောဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်၍ ကုစားသင့်ပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။