မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၄/ကာကွယ်/၂၀၁၈)

၁။       ၃-၂-၂၀၁၈ ရက်နေ့တွင် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်း၊ ပန်းလှိုင်ကုန်းတံတားအောက်၌  အသက် (၄) နှစ်အရွယ်မိန်းကလေးငယ်အား ဦးခေါင်းဒဏ်ရာ များနှင့် မိန်းမကိုယ်တွင် သွေးထွက်ဒဏ်ရာ၊ ဦးခေါင်းတွင် တစ်လက်မခန့်အရွယ် ပေါက်ပြဲ ဒဏ်ရာများဖြင့် တွေ့ရှိသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်း လူမှုကွန်ယက် မီဒီယာများတွင် တွေ့ရှိရသဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အတွင်းရေးမှူး (ခေတ္တညွှန်ကြားရေးမှူးချုပ်) ဦးဘုန်းကြွယ် ဦးဆောင်သော အဖွဲ့မှ မိန်းကလေးငယ်အား ကုသပေးလျက်ရှိသော ရန်ကုန် ကလေးဆေးရုံကြီးသို့ ၉-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ ချိန်ခန့်တွင် သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး၏ အကူအညီဖြင့် ကလေးမိခင်ဖြစ်သူနှင့် သီးခြားတွေ့ဆုံ၍ အလှူငွေ ၁ သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။

၂။        ဆက်လက်၍ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ကာ အမှုနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှု၊ တိုးတက်မှုအခြေအနေတို့ကို မေးမြန်းစုံစမ်းခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူအခင်းဖြစ်ပွားရာ ပန်းလှိုင်ကုန်းတံတားအောက်သို့ သွားရောက်လေ့လာခဲ့ပါသည်။ ကော်မရှင်အနေဖြင့် အမှုအခြေအနေအား ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်