မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိအကျဉ်းထောင်၊ ရဲအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းတို့အားကြည့်ရှုစစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏သတင်းထုတ်ပြန်ချက် အမှတ်စဉ်(၃/၂၀၁၇)

၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဟင်္သာတမြို့ရှိအကျဉ်းထောင်၊ ရဲအချုပ်ခန်းများနှင့် တရားရုံး အချုပ်ခန်းတို့အား၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ၂၅နှင့် ၂၆ ရက်နေ့များတွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ဟင်္သာတအကျဉ်းထောင်နှင့် ပတ်သက်၍ဆရာဝန်ရရှိရေးတောင်းခံရန်၊  စုတ်ပြဲနေသည့် ဖယောင်းပုဆိုးဟောင်းများ ခင်းထားသည့် အိပ်ဆောင်များတွင် အသစ်လဲလှယ်ပေးရန်၊ TB ရောဂါသည် လူနာများအားအခြားအကျဉ်းသားများနှင့်တတ်နိုင်သရွေ့ ခွဲထားရန်၊ အမျိုးသမီး အကျဉ်းသူများအတွက် လစဉ်သုံးဂွမ်းထုပ်များထုတ်ပေးနိုင်ရေးစီစဉ်ပေးပါရန်၊ ကိုယ်ဝန်ဆောင် (၁) ဦး၊ ကလေးမိခင် (၆) ဦးနှင့်ကလေး (၆) ဦးတို့အားဖြည့်စွက်အစာများ ကျွေးမွေးရန်၊ အိပ်ဆောင် ကော်ရစ်တာများရှိ မီးကြိုးများအား စနစ်တကျ ပြန်လည်ပြင်ဆင်သွယ်တန်းပေးရန်၊ အိပ်ဆောင် အချို့ရှိအိမ်သာများကောင်းမွန်သန့်ရှင်းစေရန်၊ မီးဖိုကြီးမျက်နှာကြက်တွင် ပိုးမျှင်များနှင့် မီးကြိုးများရှုပ်ထွေးနေသည်ကိုရှင်းလင်းပေးရန်၊ အကျဉ်းသားအိပ်ဆောင်များတွင် စာကြည့်တိုက် ၁ ခုသီးသန့်ထား ရှိပေးရန် စသည်တို့ကိုအကြံပြုခဲ့ပါသည်။

၃။      ဟင်္သာတမြို့နယ်တရားရုံးအချုပ်ခန်းသည် အကြီးစားပြင်ဆင်ရန် ခွင့်ပြုမိန့်ရရှိပြီး ဖြစ်သဖြင့်ပြန်လည်ဆောက်လုပ်သည့်အခါ အချုပ်ခန်းတွင်အိမ်သာတွဲ၍ ဆောက်ရန်နှင့် အချုပ်ခန်း ဝင်ပေါက်တံခါးအားအမြင့် ၆ ပေထားရှိတည်ဆောက်ရန် စသည်တို့ကို အကြံပြုခဲ့ပါသည်။

၄။     ဟင်္သာတမြို့၊ အမှတ် ၁ မြို့မရဲစခန်းအချုပ်ခန်းဝင်ပေါက်သည် အမြင့် ၃ ပေခွဲသာရှိပြီး၊ အမှတ် ၂ နယ်မြေရဲစခန်း အချုပ်ခန်း ဝင်ပေါက်သည် အမြင့် ၄ ပေသာရှိသဖြင့် အချုပ်ခန်းဝင်ပေါက် များအား ၆ ပေအမြင့် ပြင်ဆင်သင့်ကြောင်းအကြံပြုခဲ့ပါသည်။

                                                        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၁၆ရက်