မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် ( ၂၄/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက် နေ့မှ ၂၀ ရက်နေ့ထိ မိုးညှင်း၊ မြစ်ကြီးနားအကျဉ်းထောင်များ၊ ရဲစခန်းအချုပ်ခန်းများကို ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ အကြံပြု ခဲ့ပါသည်။

၂။      မိုးညှင်းအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ART ​ဆေး မရရှိသေးသော အချုပ်သား ၂၃ ဦးနှင့် အကျဉ်းသား ၃ ဦးတို့အတွက် အလျင်အမြန် ရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ခ )   HIVရောဂါပိုးရှိသူ အကျဉ်းသားများအား အင်အားဖြည့် အစားအစာများ ကျွေးမွေး နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ဂ )   HIV  ​ရောဂါသည် အကျဉ်းသား အများစုသည် စိတ်ဓာတ်ကျ ရောဂါများ ခံစားနေရ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်အား ပင့်ဖိတ်၍ ကြည့်ရှုကုသနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    ကွပ်ပျစ်များတွင် ကြမ်းပိုးကိုက်ကြောင်း သတင်းပို့တင်ပြကြသဖြင့် ပိုးသတ် ဆေးဖြန်း ခြင်းနှင့် ကွပ်ပျစ်များကို သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်သင့်ပါသည်။

( င )   ဆေးရုံဆောင်အပေါ်ထပ်တွင် အမိုးသွပ်အပေါက်များမှ မိုးယိုနေခြင်းကို ဖါထေး လဲလှယ် ပေးသင့်ပါသည်။

( စ )   လျှပ်စစ်မီးချောင်း မရှိသော အိပ်ဆောင်အချို့တွင် မီးချောင်းများ တပ်ဆင်ပေးသင့် ပါသည်။

၃။      မြစ်ကြီးနားအကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရသော ဘွဲ့ရအကျဉ်းသား/အကျဉ်းသူများဖြင့် စာမတတ်မြောက်သူများကို ပြန်လည် သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

( ခ )   အမျိုးသမီးတိုးချဲ့ဆောင်တွင် မိုးယိုနေကြောင်း တွေ့ရှိရသဖြင့် ပြုပြင်နိုင်ရေး ဆောင် ရွက်သင့်ပါသည်။

( ဂ )   အကျဉ်းသားများအားစာဖတ်စေခြင်း၊ စာမဖတ်တတ်သူ၊ စာမဖတ်လိုသူများအတွက် ဖတ်တတ်သူ အကျဉ်းသားများက ဖတ်ရှုပြစေခြင်း၊ ဝန်ထမ်းများက ဖတ်ရှု ရှင်းလင်း ပြခြင်း၊ အချင်းချင်း အတွေ့အကြုံများအား ပြန်လည်ဝေမျှ ဟောပြောသည့် စနစ် ပြုလုပ်စေခြင်းတို့ဖြင့် အကျဉ်းသားများ၏ စိတ်နူးညံ့စေရေး တိုးတက် ပြောင်းလဲစေ ရေးများ ဆောင်ရွက်သင့်ပါသည်။

(ဃ)    အိပ်ဆောင်များအတွင်း အကျဉ်းသားများ အိပ်စက်ရန် ကွပ်ပျစ်များ ခင်းထားပေး သော်လည်း သမံတလင်း ပေါ်တွင် အိပ်စက်နေရသော အကျဉ်းသားအချို့ ရှိနေဆဲ ဖြစ်သဖြင့် လိုအပ်သလို ဆောင်ရွက် ပေးသင့်ပါသည်။

၄။      ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှုမခံရစေရေး၊ ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့် အညီ အလေးထားဂရုပြုဆောင်ရွက်ပေးပါရန် အကြံပြုခဲ့ပါသည်။

                                                                မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်