မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် (၂၃ /ကာကွယ်/၂၀၁၈)

၁။      ရန်ကုန်တိုင်းဒေသကြီး၊  ဗဟန်းမြို့နယ်၊ တာမွေအဝိုင်းအနီးတွင် ၁၂-၅-၂၀၁၈ ရက်နေ့၊ ညနေ၌ စစ်ပွဲများရပ်တန့်ရေးအတွက် ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့မှ တားဆီးရာတွင် အရပ်ဝတ် အချို့က ဆန္ဒဖော်ထုတ်သူများကို ချုပ်နှောင် ဖမ်းဆီးပေးခဲ့ခြင်း၊ သတင်းရယူနေသော မီဒီယာသမားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းများနှင့်ပတ်သက်၍ တိုင်တန်းမှုများရှိလာသဖြင့် ကော်မရှင် စုံစမ်း စစ်ဆေးရေးအဖွဲ့သည် တိုင်တန်းသူများက တင်ပြထားသည့် ဗွီဒီယိုရုပ်သံနှင့် မှတ်တမ်း ဓါတ်ပုံများကို ကြည့်ရှုလေ့လာခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်တန်းသူများနှင့် တရားဝင်တာဝန်ပေးအပ်ထားခြင်းမရှိဘဲ ဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးပေးခဲ့သည်ဟု စွပ်စွဲခံရသူများအနက်မှ အချို့ကိုခေါ်ယူတွေ့ဆုံပြီး လိုအပ်သည်များ စုံစမ်းမေးမြန်းခဲ့ပါသည်။

၂။      စုံစမ်းမေးမြန်းချက်များအရ ဤဖြစ်စဉ်တွင် ဆန္ဒဖော်ထုတ်သူများသည် ငြိမ်းစုစီဥပဒေနှင့် အညီ အသိပေးသော်လည်း ဒေသန္တရအမိန့်အရ ခွင့်ပြုနိုင်ခြင်းမရှိပါက မည်သည့်အတွက် ခွင့်မပြု နိုင်ကြောင်းကို တာဝန်ရှိသူများက ကြိုတင်တွေ့ဆုံ ညှိနှိုင်းခြင်း၊ ရှင်းလင်းအသိပေးခြင်း၊ နှစ်ဦး နှစ်ဘက် နားလည်မှုရယူခြင်းများကို ဆောင်ရွက်ခြင်း မပြုခဲ့သည်ကို တွေ့ရှိရသကဲ့သို့ ငြိမ်းစုစီ ဥပဒေနှင့်အညီ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ တန်ပြန်ဆန္ဒပြမည့် ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများကိုလည်း ထိုသို့ ပြုလုပ်မည်ကို သတင်းရရှိပါလျက် တာဝန်ရှိသူများက ကြိုတင် ဆွေးနွေး ညှိနှိုင်းတားဆီးခြင်း မပြုခဲ့ခြင်းကြောင့် ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ ဖြစ်ခဲ့ ရကြောင်း တွေ့ရှိရပါသည်။

၃။      ယခုဖြစ်စဉ်တွင် ခွင့်ပြုချက်မရရှိဘဲ စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်သူများကို ၁၃-၅-၂၀၁၈ ရက်နေ့က ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်အရေးယူထားသကဲ့သို့ တရားဝင် တာဝန်ပေး အပ်မှုမရှိဘဲ တန်ပြန်ဆန္ဒပြသူများ၊ အရပ်ဝတ်ဖြင့် ဝင်ရောက်စွက်ဖက် ဖမ်းဆီးခဲ့သူများအနက် ၈ ဦး ကို  ၂၈-၅-၂၀၁၈ ရက်နေ့တွင် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီး ဗဟန်းမြို့နယ်တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂ နှင့်အညီ ချမှတ်ခဲ့ သော အမိန့်အရ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

၄။      သတင်းရယူသည့် သတင်းမီဒီယာသမားများအနေဖြင့်လည်း သတင်းမီဒီယာဥပဒေ၊ သတင်း မီဒီယာကျင့်ဝတ်တို့နှင့်အညီ လိုက်နာဆောင်ရွက်ပြီး၊ သတင်းမီဒီယာသမားအဖြစ် သိသာထင်ရှားစေ သော အမှတ်အသားများကို အသုံးပြု၍ သတင်းရယူရေး ဆောင်ရွက်သင့်ပါကြောင်း ဖော်ပြအပ် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊  ၂၀၁၈ ခုနှစ်၊  ဇွန်လ ၂၇ ရက်