Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်ရှိ၊ Hotel Max တွင် ကျင်းပခဲ့သည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာန များနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ Program Coordinator နှင့် ဝန်ထမ်းများ စသည်ဖြင့် စုစုပေါင်း (၅၀) ဦးတက်ရောက်ကြသည်။

            ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အလုပ်ရုံဆွေးနွေးပွဲ၌ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် UPR လုပ်ငန်းအစဉ်အရ နိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေနှင့် စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှုခံယူရမည် ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခုအလုပ်ရုံဆွေးနွေပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊  UPR ဒုတိယအကျော့သုံးသပ်မှုခံယူခဲ့ စဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်မှု များကို ဆွေးနွေးညှိနှိုင်းရန်အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက်တက် ကြွကြွပါဝင်ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် The Lutheran World Federation (Myanmar) မှ Program Coordinator Ms. Mariolein Coren က အဖွင့်အမှာစကား ပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် အချက်များ၊ မြန်မာနိုင်ငံတွင် LWF ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားပါသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အရ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက UPR နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ အကြံပြုတိုက်တွန်းချက်များ ခေါင်းစဉ် ဖြင့်လည်းကောင်းဆွေးနွေးတင်ပြပြီး LWF မှ Deputy Program Manager ဦးစံသိန်းမောင်က UPR နှင့် ဆက်စပ် သည့်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက UPR လုပ်ငန်းစဉ်နှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။

            ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကို အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများက မည်ကဲ့သို့ အကောင် အထည်ဖေါ်ဆောင်ရွက်သင့်သည်ကို အလွတ်သဘော ဆွေးနွေးကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။