ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုသင်တန်းကျောင်း (ထောက်ကြန့်) တွင် လူ့အခွင့်အရေး အခြေခံ အယူအဆများ နှင့် ကလေးသူငယ်အခွင့်အရေးများ ဟောပြောပို့ချခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုသင်တန်းကျောင်း (ထောက်ကြန့်) တွင် ကျောင်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၆၇) ၌ တက်ရောက်နေသော ကျောင်းအုပ်ဆရာကြီး ၁၀ဝ ဦးနှင့် ကျောင်းအုပ်ဆရာမကြီး ၁၀ဝ ဦးတို့အား လူ့အခွင့်အရေး အခြေခံ အယူအဆများနှင့် ကလေးသူငယ်အခွင့်အရေးတို့ကို သွားရောက်ပို့ချခဲ့ ပါသည်။

အခြေခံပညာသင်ရိုးညွှန်တမ်းရေးဆွဲရာတွင် လူ့အခွင့်အရေးနှင့် ယှဉ်တွဲသုံးသပ်ရေးဆွဲနိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အခြေခံပညာသင်ရိုးညွှန်တမ်းရေးဆွဲရာတွင် လူ့အခွင့်အရေးနှင့် ယှဉ်တွဲသုံးသပ်ရေးဆွဲနိုင်ရေး အတွက် မြန်​မာနိုင်​ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်များ၊ သင်ရိုးအဖွဲ့များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပ ပြုလုပ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ဦးခင်မောင်လေး၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ပညာရေးဝန်ကြီးဌာန သင်ရိုးရေးဆွဲရေးကော်မတီနှင့် အဖွဲ့များမှ ပါမောက္ခများ နှင့် ဆရာ၊ ဆရာမ ၁၀ဝ ဦးတို့ တက်ရောက်ကြပါသည်။

အာဆီယံ နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် MNHRC အဖွဲ့ဝင် ဦးညွန့်ဆွေ အမှာစကားပြောကြားခြင်း

မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အလုပ်အဖွဲ့ နှင့် ညီမျှခြင်း (မြန်မာ) တို့ပူးပေါင်း၍ အာဆီယံအသင်းကြီးတည်ထောင်ခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၇ ရက်က ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။

          အဖွဲ့ဝင် ဦးညွန့်ဆွေက အမှာစကားပြောကြားရာတွင် အာဆီယံအသင်းကြီးအနေဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းရှိ အစိုးရများ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားသွားပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် Democracy Reporting International (DRI) တို့ပူးပေါင်း၍ “MNHRC နှင့် CSOs တို့ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပတ်သက်သည့် ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဆီသို့” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပရာ MNHRC မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဌာနတာဝန်ခံများ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နီပေါနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် Ms. Mohna Ansari က ၎င်းတို့ကော်မရှင်နှင့် CSOs တို့ ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံ များကို ရှင်းလင်းပြောကြားပါသည်။ MNHRC နှင့် CSOs ကိုယ်စားလှယ်များကလည်း လူ့အခွင့် အရေးမြှင့်တင်ရေးတွင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ပို့ချခြင်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင် တပ်ရင်းမှူး သင်တန်း အမှတ်စဉ် (၈၃) နှင့် ခြေလျင် တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၁၉၄) တို့တွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းတို့က လူ့အခွင့်အရေး အခြေခံအယူအဆ များ၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားများ အကြောင်းစသည့် အကြောင်းအရာများအား ပို့ချခဲ့ပါသည်။ သင်တန်းသားများက သိရှိလိုသည်များကိုလည်း ပြန်လည် ဖြေကြားခဲ့ပါသည်။