မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဌာနတွင်းလူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်းကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး အသိပညာများ ပြန့်ပွားစေရေးအတွက် ရည်ရွယ်၍ နိုင်ငံ၏ ဒေသအသီးသီးရှိ အဖွဲ့အစည်းအသီးသီး၊ လူတန်းစား အသီးသီးအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေး ဟောပြောပွဲများ၊ အလုပ်ရုံသင်တန်းများ ဆောင်ရွက်ခဲ့သည့်နည်းတူ ကော်မရှင်ရုံးဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ပိုမိုတိုးပွား လျက် စွမ်းဆောင်ရည်မြင့်မားပြီး ကော်မရှင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဌာနတွင်း လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်း အမှတ် စဉ် (၁)ကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အလုပ်ရုံသင်တန်းဖွင့်ပွဲကို ၂၉-၅-၂၀၁၇ ရက်နေ့ နံနက် ၉ နာရီက ကော်မရှင်ရုံး တွင် ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး  ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားခဲ့သည်။

အလုပ်ရုံသင်တန်းတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ ပါရီအခြေခံမူများ၊ လူ့အခွင့် အရေးအယူအဆများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ ကလေး သူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ အဓိက လူ့ အခွင့်အရေးစာချုပ် (၉) ခု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာသ​ဘောတူစာချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကော်မရှင် ဥပဒေ စသည့်ဘာသာရပ်များကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပို့ချပြီး စုဖွဲ့ ဆွေးနွေးခြင်းနှင့် အုပ်စုလိုက်တင်ပြချက်များလည်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်သည်။ အလုပ်ရုံ သင်တန်းသို့ ကော်မရှင်ရုံး အရာထမ်း အမှုထမ်း (၁၅) ဦး တက်ရောက်ကြသည်။ သင်တန်းကို ဇွန်လ  ၂  ရက်နေ့အထိ (၅) ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

အခြေအနေမဲ့ပပျောက်သူများ စီမံချက်အရ လမ်းပေါ်ရောက် ကလေးများကို ထိန်းသိမ်းထားရှိသော နာနတ်တော စခန်းသို့ ကြည့်ရှုစစ်ဆေးခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ကလေးသူငယ်အခွင့် အရေးဆိုင်ရာ အရာရှိ ဦးအာကာဟိန်းစိုးနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အခြေအနေမဲ့နှင့် တောင်းရမ်းသူများ ပပျောက်သူများ စီမံချက်အရ လမ်းပျော်ကလေးများကို ထိန်းသိမ်း ထားရှိသော ဟံသာဝတီ နာနတ်တောစခန်းသို့  ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့တွင်  သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။ ယင်းစီမံချက်ကို စည်ပင်သာယာရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်ရှိသည့် အဆိုပါ ကလေးသူငယ်များ၏ အသက်ရှင်ရပ်တည်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံချက်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန် အခြေအနေများကို စီမံချက်တာဝန်ခံရဲမှူးက ရှင်းလင်းပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့သည် ကလေးသူငယ်တစ်ဦးချင်းစီနှင့် သီးသန့် တွေ့ဆုံဆွေးနွေး မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။။ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးသူငယ် ၁၆ ဦးအနက် ကလေးသူငယ် အများစုမှာ အတန်းပညာရေးကို ပထမတန်းမှ သတ္တမတန်းအထိ နေခဲ့ဖူးသူ များဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမှ ထွက်လာရသူများ ဖြစ်ကြောင်း သိရှိရပါသည်။ လမ်းပေါ် ရောက်ရှိ လာရခြင်း အကြောင်းအရင်း များအနက် မိထွေး၊ ပထွေးများနှင့် မနေချင်၍ အိမ်မှထွက်ခွာ လာရခြင်း သည် အများဆုံးဖြစ်ကြောင်း ကလေးများကို မေးမြန်းချက်များအရ သိရှိရပါသည်။ ယင်းကလေး များသည် လမ်းပေါ်တွင် သွားလာကြပြီး ပလပ်စတစ်ဘူးခွံကောက်ခြင်း၊ အချို့ကလေး များသည် ပစ္စည်းများကို အလစ်သုတ်ခြင်း၊ ဖုန်းများကို ခိုးယူခြင်းများကို ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ ကလေးများအနက် အချို့ကော်ရှုသည့် အလေ့အထရှိခဲ့သည်ကို သိရှိခဲ့ ရပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော ကလေးသူငယ်များကို မိဘ အုပ်ထိန်းသူနှင့် ပြန်လည် ဆက်သွယ်ပေးမှုများကို ဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူမရှိသော ကလေးသူငယ်များကို လူမှု ဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းအသီးသီးသို့ လွှဲပြောင်း ပေးအပ်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

ထိန်းသိမ်းထားရှိသော ကလေးသူငယ်များအနေဖြင့် လမ်းပေါ်တွင် ပျော်နေကြသူများ ဖြစ်သကဲ့သို့ အချို့မှာ မိသားစု အခက်အခဲ၊ မိသားစုနှင့် အဆင်မပြေမှု များကြောင့် လမ်းပေါ်သို့ ရောက်ရှိ လာကြသူများဖြစ်ကြပါသည်။ ကလေးများအနေဖြင့် ငယ်စဉ်ကတည်းက ရရှိသင့်သည့် အခွင့်အရေး များကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆုံးရှုံးခဲ့ကြသူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့်  အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ကုစားမှု၊ ကလေးသူငယ်များ၏ ရှေ့ဆက်ဖွံ့ဖြိုး တိုးတက်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ စီမံချက်အနေဖြင့် ကလေးသူငယ်များကို ခေတ္တထိန်းသိမ်းထားရှိရာ နေရာတစ်ခုသာ ဖြစ်သော်လည်း ရောက်ရှိ နေစဉ်ကာလအတွင်း ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းအားဖြင့် အခြားဆက်စပ် အခွင့်အရေးများကိုလည်း ရရှိ ခံစား လာနိုင် မည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အနေဖြင့် လက်ရှိစနစ်သည် လမ်းပေါ် ကလေးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် စနစ်ကျနသော နည်းလမ်းတစ်ရပ် ဖြစ်ပါသဖြင့် လက်ရှိလုပ်ငန်း စနစ်ကို ပိုမို တိုးတက် ကောင်းမွန်စေရေး ဆောင်ရွက်သင့်ပါသည်။

ကလေးသူငယ်များသည် မည်သည့်အခြေအနေတွင် ရောက်ရှိ ဖြတ်သန်းနေသည်ဖြစ်စေ ၎င်းတို့၏ မွေးရာပါ ရရှိခံစားခွင့်ရှိသော အခွင့်အရေးများ မဆုံးရှုံး စေသင့်သောကြောင့် နိုင်ငံတော်နှင့် အဖွဲ့အစည်းအသီးသီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိနေပါသည်။

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခြင်း

ဖိလစ်ပိုင်နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(CHRP) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့၌ ကျင်းပသော အရှေ့တောင်အာရှအမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေး၌ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး(Permanent Secretariat) တည်ထောင် ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်မည့် မဟာဗျူဟာလုပ်ငန်းစဉ် ကိစ္စရပ်များ၊ အာဆီယံ ဒေသတွင်းရှိအဖွဲ့အစည်းများနှင့် ဖိုရမ်တို့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ရွှေ့ပြောင်းသွားလာမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပါသည်။