ဆောင်ရွက်ချက်အမှတ်စဉ် (၈/၂၀၁၆/ကာကွယ်)

၁။      KKO မှ ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြား​ရေးတာဝန်ခံ ကိုအောင်နိုင်ဆိုသူ သေဆုံးကြောင်း သတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ၂၅-၁၀-၂၀၁၄ ရက်​နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ တွင် ဖော်ပြခဲ့ပါသည်။

၂။      ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အဖြစ်မှန်အား စုံစမ်းဖော်ထုတ်ပေးရန် ဦးမင်းသီဟန်၊ Education Digest ဂျာနယ်နှင့် ဒေါ်သန္တာ (သေဆုံးသူ၏ဇနီး)တို့ထံမှ တိုင်ကြားစာများ ရရှိ သဖြင့် ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် အခင်းဖြစ်ပွားသည့် ကျိုက်မရောမြို့နယ်သို့ ၁-၁၁-၂၀၁၄ ရက်နေ့မှ ၈-၁၁-၂၀၁၄ ရက်နေ့အထိ ပထမအကြိမ်၊ ၁၂-၁၁-၂၀၁၄ ရက်နေ့မှ ၁၆-၁၁-၂၀၁၄ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက် ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး၊ အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ၁-၁၂-၂၀၁၄ ရက်နေ့တွင် တင်ပြခဲ့ပါသည်။

၃။      ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကော်မရှင်၏အပိုဒ် ၅၂ ပိုဒ်ပါ စုံစမ်းစစ်ဆေးမှု ထုတ်ပြန် ချက်ကို ကော်မရှင်ရုံး Website ဖြစ်သော www.mnhrc.org.mm တွင် ၂-၁၂-၂၀၁၄ ရက် နေ့တွင် ဖော်ပြခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်၌ အောက်ပါအကြံပြုတိုက်တွန်းချက် ၄ ချက် ပါဝင်ခဲ့ပါသည်-

(က)   မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများ ကုန်စင်အောင်ဆောင်ရွက်ပြီး တရား ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်ပါသည်။

( ခ)   နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေသောကိစ္စရပ်များမှအပ လူထုနှင့် ထိတွေ့ ဆက်ဆံရသောအမှုကိစ္စများတွင် ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများကို ဆောင်ရွက်သင့်ပါသည်။

( ဂ)   ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး (ကလောင်အမည် – အောင် ကြီး) ဆိုသူသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်၍ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်ဖြစ်ပြီး၊ ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီ မျှစွာ ရယူပိုင်ခွင့်ပေးရမည်သာဖြစ်ပါသည်။

(ဃ)   ထို့ကြောင့် ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၃၄၇) ပါပြဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏မူလအခွင့် အရေးများ ရရှိစေရန်နှင့် အများပြည်သူအမြင်တွင် ပွင့်လင်းမြင်သာမှုရှိစေရန် အတွက် ဤအမှုကို နယ်ဘက်ဆိုင်ရာတရားရုံးတွင် စစ်ဆေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

၄။      ထို့​နောက် ၆-၁-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးခန်း၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အထက်ပါအမှုနှင့်ပတ်သက်၍ ကော်မရှင်၏ဆောင်ရွက်ချက် အကျဉ်းချုပ်နှင့် အကြံပြုတိုက်တွန်းချက်များကို ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ဒေါက် တာဉာဏ်ဇော်တို့က ရှင်းလင်းတင်ပြခဲ့ကြရာ နိုင်ငံတော်သမ္မတကြီးက ဤအမှုနှင့်ပတ်သက် ၍ တပ်မတော်မှလည်း စုံစမ်းစစ်ဆေးရေးခုံရုံး ပြုလုပ်ခဲ့ကြောင်း၊ စစ်တရားရုံးဖြင့် စစ်ဆေး စီရင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အတည်ပြုပြီးဖြစ်ကြောင်း၊ သင့်လျော်သလို သတင်းထုတ်ပြန်ပေးစေလိုကြောင်း မိန့်ကြားခဲ့ပါသည်။

၅။      ထို့ကြောင့် ဤအမှုနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်မှုအခြေအနေကို ပြန်ကြား ပေးပါရန် ကော်မရှင်သည် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၁-၂-၂၀၁၅ ရက်နေ့တွင် အကြောင်း ကြားခဲ့ရာ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းသေဆုံးမှုသည် တန်းပြည့်စစ်မှုထမ်းချိန်အတွင်း ဖြစ်ပွားခဲ့သဖြင့် တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၂ အရ စစ်တရားရုံး၏စီရင်ခွင့်အာဏာအတွင်း ကျရောက်ကြောင်း၊ အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၄၆/၁၄၇) တို့ဖြင့် တရားခံစစ်သည် ၂ ဦးအား စစ်ဆေးရာ အပြစ်မရှိဟု ဆုံးဖြတ်ပြီး တရားသေ လွှတ်သည့်အမိန့် ချမှတ်ခဲ့ကြောင်း စစ်တရားရုံး၏ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များအား တပ်မတော်အက်ဥပဒေ (၁၁၁) နှင့် (၁၁၄) တို့အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တရားစီရင်ရေးအာဏာ အပ်နှင်းခြင်း ခံရသော အတည်ပြုအာဏာပိုင်ဖြစ်သည့် တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ၂၈-၁၁-၂၀၁၄ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် တာဝန်ရှိသူ စစ်ကြောင်းမှူး အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ အပြစ်ဖော်ပြ သတိပေးဆုံးမခဲ့ကြောင်း ၁၉-၃-၂၀၁၅ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၆။      အထက်ပါဆောင်ရွက်ချက်များကို ကော်မရှင် Website တွင် ၈-၅-၂၀၁၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၅/၂၀၁၅) ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

၇။        ကျိုက်မရောမြို့နယ်၊ မြို့မရဲစခန်းက ၎င်းအမှုအား မှားယွင်းမှုဖြင့် ပိတ်သိမ်းခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်သန္တာထံသို့ ၂၁-၃-၂၀၁၆ နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့သည်။ ရဲစခန်းမှတ်ပုံတင် (၂၃) ပိတ်သိမ်း အမှတ်စဉ် (၅/၂၀၁၆) ၁၉-၃-၂၀၁၆

၈။        ၂၆-၈-၂၀၁၆ နေ့တွင် ရှေ့နေရောဘတ်စန်းအောင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အာဏာပေးစာချွန်လွှာထုတ်ပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားတင်သွင်းခဲ့ရာ အမှုအမှတ် (၂၇/၂၀၁၆) ဖြင့် မှတ်ပုံတင်ခဲ့သည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်

 

ဆောင်ရွက်ချက်အမှတ်စဉ် (၇/၂၀၁၆/ကာကွယ်)

၁။      ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ဇီးကျွန်းရပ်ကွက်အတွင်းသို့ ၁၉-၆-၂၀၁၅ ရက်နေ့တွင် ခလရ (၂၅၀) စစ်ကြောင်း ရောက်ရှိလာပြီး ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ၂၅-၆-၂၀၁၅ ရက်​နေ့တွင် ရွာသား ၃ ဦး လွတ်မြောက်လာပြီး ၎င်း၏သားမက်ဖြစ်သူ ဦးတူးဂျာ ဆိုသူ သေဆုံးသွားကြောင်း သိရှိရသော်လည်း အလောင်းကို မတွေ့ရကြောင်း၊ ဘာသာရေး အရ ဝတ်ပြုဆုတောင်းပြီး မြုပ်နှံပေးလိုကြောင်း၊ အလောင်းဖျောက်ဖျက်မှုအား အရေးယူပေး စေလိုကြောင်းစသည်ဖြင့် ၃-၉-၂၀၁၅ ရက်နေ့စွဲပါ ဒေါ်မွေဖုထု၏ တိုင်ကြားစာကို ကော်မရှင် မှ ၄-၉-၂၀၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။      ကော်မရှင်သည် တိုင်ကြားစာကို ၁၁-၁-၂၀၁၆ နေ့တွင် ကြားနာသုံးသပ်ခဲ့ပြီး၊ အဖြစ် မှန်အား စိစစ်ဖော်ထုတ်ပေးရန် ၁၉-၁-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ ပါသည်။

၃။      ကာကွယ်ရေးဝန်ကြီးဌာနက သေဆုံးသူမှာ KIA တပ်ရင်း (၆)၊ တပ်ခွဲ (၃) မှ ကိုယ်ပိုင် အမှတ်၊ ဘီ ၁၃၄၇၉၊ တပ်ကြပ်တူးဂျာဖြစ်ကြောင်း၊ ၅-၁၀-၂၀၁၅ ရက်နေ့တွင် အလောင်းအား ပြန်လည်ဖော်ယူ၍ ရင်ခွဲစစ်ဆေးပြီး၊ ၆-၁၀-၂၀၁၅ ရက်နေ့တွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ် ကာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း၊ တာဝန်ရှိသူ ဗိုလ်မှူးရဲကျော်သူအား ဖြစ်စဉ်လိမ်လည်တင်ပြ မှု၊ အလောင်းအား ဖျောက်ဖျက်ခဲ့မှုများကြောင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်လျက်ရှိကြောင်း ၂၁-၁-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      တိုးတက်မှုအခြေအနေကို ထပ်မံပြန်ကြားပေးရန် ၂၅-၂-၂၀၁၆ နေ့တွင် ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ၊ ၁၁-၃-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီး ဌာနက ဗိုလ်မှူးရဲကျော်သူအား အကျဉ်းစစ်တရားရုံး ချုပ်အမှတ် စဉ် (၁၅၆/၂၀၁၅) ဖြင့် စစ်ဆေးပြီး ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း ပြန်ကြားခဲ့ပါ သည်။

၅။      ကာကွယ်ရေးဝန်ကြီးဌာန၏အရေးယူဆောင်ရွက်မှုကို ကော်မရှင်သည် တိုင်ကြားသူ ထံသို့ ၆-၅-၂၀၁၆ ရက်​နေ့တွင် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်

 

အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေးဘာသာရပ် ထည့်သွင်းပို့ချနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အခြေခံပညာ သင်ရိုးညွှန်းတမ်း တွင် လူ့အခွင့်အရေး ဘာသာရပ်ထည့်သွင်းရေးဆွဲနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေးဘာသာရပ်တွင် ပါရှိရမည့် အချက်အလက်များ တွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ အကြံဉာဏ်များရယူနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါ အစည်းအဝေးသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးဘုန်းကြွယ်၊လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး (ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အရာရှိ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဝင်း (မသန်စွမ်းသူများ အခွင့် အရေး ဆိုင်ရာအရာရှိ)၊ မြန်မာနိုင်ငံ စိတ်ပညာရှင်များအသင်းနာယက ဒေါက်တာ ဦးခင်မြင့်၊ Save the Children (Myanmar)၊ World Vision (Myanmar)၊ NGOs Child Rights Working Group၊ Child Focal Network၊ Myanmar Education Consortium နှင့် Hope for Shinning Stars တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယတန်း လူ့အခွင့်အရေး သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)တွင် ဖွင့်လှစ်လျက်ရှိသည့် ခြေလျင် တပ်ရင်းမှူး သင်တန်းနှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းများသို့သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

၁။      တပ်မတော် (ကြည်း/ရေ/လေ) အရာရှိများ လူအခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွား စေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်မှ  အဖွဲ့ဝင် ဦးဇော်ဝင်း သည် ၁-၈-၂၀၁၆ရက်နေ့တွင် ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၈၀) အားနေ့လည် ၁၂:၀၀ နာရီမှ ၁၅:၁၀ ချိန်ထိလည်းကောင်း၊ ခြေလျင်တပ်ခွဲမှူး  သင်တန်းအမှတ်စဉ် (၁၉၁) အား နံနက် ၀၇:၄၀နာရီမှ ၁၀:၅၀ ချိန်ထိ လည်းကောင်း၊ လူအခွင့်အရေးအယူအဆ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏  အခွင့်အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များတို့ကို ပို့ချ ဆွေးနွေးခဲ့ပါသည်။

၂။      သင်တန်းများတွင် အောက်ပါအတိုင်း သင်တန်းသားအရာရှိများ တက်ရောက်ကြ ပါသည်-

(က)   ခြေလျင် တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၈၀)                   (၁၉၈) ဦး

( ခ)   ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ်    (၁၉၁)                  (၃၈၄) ဦး

၃။      သင်တန်းသား အရာရှိများမှ လူအခွင့်အရေးနှင့်ပတ်သက်သည့် သိရှိလိုသည့် မေးခွန်းများကို စိတ်ဝင်စားစွာဖြင့် မေးမြန်းရာ မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

ဆောင်ရွက်ချက်အမှတ်စဉ် (၆/၂၀၁၆/ကာကွယ်)

၁။      ၁၇-၂-၂၀၁၅ ရက်​နေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး ထောင် တွင်း ခုတင် (၅၀) ဆံ့ဆေးရုံကို အဆင့်တိုးမြှင့်၍ ဖွဲ့စည်းပုံနှင့်အညီ ကျန်းမာရေးဝန်ထမ်း များကို ပြည့်စုံစွာခန့်အပ်တာဝန်ပေးသင့်ပြီး လောလောဆယ် သွားရောဂါကုဆရာဝန်နှင့် အမျိုးသမီး ဆရာဝန်တို့ကို ဆောလျင်စွာခန့်အပ်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အမျိုးသမီး ဆရာဝန်ဒေါက်တာသံစဉ်သာဝင်းသည် အင်းစိန်ဗဟို အကျဉ်းထောင်၊ အမျိုးသမီးဆေးရုံသို့ ၅-၃-၂၀၁၅ ရက်နေ့တွင် ရောက်ရှိတာဝန်ထမ်းဆောင် လျှက်ရှိကြောင်း၊ သွားရောဂါကု ဆရာဝန်မှာ ခွင့်မဲ့ပျက်ကွက်ဖြစ်သွားသဖြင့် လူစားရရှိရေး တင်ပြထားကြောင်း၊ ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုလိုအပ်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ကျန်းမာ ရေးဝန်ကြီးဌာနသို့ တောင်းခံပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ၎င်းတို့၏ဝန် ထမ်း အင်အားအပေါ်မူတည်ပြီး ဖြန့်ခွဲပြောင်းရွှေ့ပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ၇-၈-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၂။      ၇-၅-၂၀၁၅ ရက်​နေ့တွင် မိုင်းဆတ်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ လစ်လပ် လျက်ရှိသော လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းခန့်အပ်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုလိုအပ်ချက် များကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တောင်းခံပေးလျက် ရှိပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ၎င်းတို့၏ဝန်ထမ်းအင်အား အပေါ်မူတည်ပြီး ဖြန့်ခွဲ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြား ခဲ့ပါသည်။

၃။      ၇-၆-၂၀၁၅ ရက်နေ့တွင် မန္တလေးဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ လစ် လပ်နေသော အမျိုးသမီးဆရာဝန်အား အမြန်ဆုံး ခန့်အပ်သင့်ကြောင်း၊ ထောင်တွင်း (၂၅) ခုတင်ဆံ့ဆေးရုံအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ တိုး မြှင့်တောင်းခံသင့်ကြောင်း အကြံပြုခဲ့ရာ၊ လစ်လပ်နေသော အမျိုးသမီးဆရာဝန် ရရှိရေး အတွက် တင်ပြထားပြီးဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ကျန်းမာရေးဝန်ကြီးဌာန သို့ တောင်းခံထားကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ တိုးမြှင့်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၆-၃-၂၀၁၆ ရက်​နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      ၁၃-၇-၂၀၁၅ ရက်​နေ့တွင် သာယာဝတီဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းခြင်း၊ သွားရောဂါဆရာဝန်၊ အမျိုးသမီး ဆရာဝန်နှင့် သူနာပြုဆရာမများထားရှိခြင်း၊ ဓါတ်မှန်ရိုက်စက်နှင့် ခေတ်မီဆေးဝါး၊ ပစ္စည်း ကိရိယာများ ပြည့်စုံစွာထားရှိခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ သာယာဝ တီအကျဉ်းထောင်တွင် ကျန်းမာရေးဝန်ထမ်း၊ ဖွဲ့စည်းပုံမှာ ၁၅ ဦးဖြစ်ပြီး လက်ရှိတွင် ဆေး ရုံအုပ် ၁ ဦး၊ လ/ထ ဆရာဝန် ၁ ဦး၊ လ/ထ ကျန်းမာရေးမှူး ၁ ဦး၊ သူနာပြုကြီး (မ) ၁ ဦး မှာ ၁ – ၁ – ၂၀၁၅ ရက်နေ့မှစ၍ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) သင်တန်းတက်ရောက်နေ သဖြင့် အစားထိုးဖြည့်တင်းပေးရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ ဖွဲ့ စည်းပုံအတိုင်း ဖြည့်ဆည်းရန်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ၎င်းတို့၏ဝန်ထမ်းအင်အား ပေါ်မူတည်ပြီး ဖြည့်ဆည်းပေးကြောင်း၊ ဆေးရုံသုံးပစ္စည်း လိုအပ်ချက်အား ဘတ်ဂျက်ခွဲဝေ ရရှိမှသာ ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၃၁-၈-၂၀၁၅ ရက်​နေ့ တွင် ပြန်ကြားခဲ့ပါသည်။

၅။      ၇-၁၀-၂၀၁၅ ရက်​နေ့တွင် ကော့သောင်းအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး၊ အကျဉ်း ထောင်ဆေးရုံတွင် ဗဟိုဆေးပစ္စည်းသိုလှောင်ရေးဌာန (CMSD) မှ ထုတ်ပေးသော ဆေး ဝါးများ ရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အကြံ ပြုခဲ့ရာ၊ ကော့သောင်းအကျဉ်းထောင် တွင် ထောင်တွင်းဆေးရုံ မရှိပါသဖြင့် (CMSD) မှ ဆေးဝါးများမရရှိ၍ ဆေးဝါးများမရရှိ၍ ဆေးဝါးများရရှိရေးအတွက် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၈-၅-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်

 

ဆောင်ရွက်ချက်အမှတ်စဉ် (၅/၂၀၁၆/ကာကွယ်)

၁။      ၁၇-၂-၂၀၁၅ ရက်နေ့မှ ၁၈-၂-၂၀၁၅ ရက်နေ့ထိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ် ဆေးပြီး နေရာထိုင်ခင်းကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန်အတွက် အကျဉ်းသား၊ အကျဉ်းသူအိပ်ဆောင် များကို တိုးချဲ့ဆောက်လုပ်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းသားအိပ်ဆောင်များ တိုးချဲ့ဆောက် လုပ်ရေးအတွက် ရန်ပုံငွေများ တောင်းခံလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရထံမှ တောင်းခံသည့် ဘဏ္ဍာငွေ အပြည့်အဝ မရရှိသေးသဖြင့် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးဆောင်ရွက် မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၂။      ၃-၄-၂၀၁၅ ရက်နေ့တွင် ဘူးသီးတောင်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင် ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေမှာ ကျော်လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက် သင့်​​ကြောင်း အကြံပြုခဲ့ရာ၊ ၂၀၁၅ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း အရေးကြီးအကျဉ်းသား ၂၁၃ ဦး လွတ်မြောက်သွားသည့်အတွက် လက်ရှိအိပ်ဆောင်များဖြင့် လုံလောက်မှုရှိ​ကြောင်း၊ လက်ခံနိုင် သည့်အင်အားမှာ ၁၀၇၂ ဦးဖြစ်ပြီး ၁၈-၇-၂၀၁၅ ရက်​နေ့ရှိ အင်အားမှာ ၁၁၁၇ ဦးရှိသဖြင့် ၄၅ ဦး သာ ပိုမိုလက်ခံထားရှိကြောင်း၊ နောင်တွင် ဘတ်ဂျက်ရရှိပါက နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ၇-၅-၂၀၁၅ ရက်နေ့တွင် မိုင်းဆတ်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား / အချုပ်သား ဝင်ဆံ့မှုထက် ကျော်လွန်၍ လက်ခံနေရသည့်အတွက် အိပ်ဆောင်များ တိုးချဲ့ဆောက် လုပ်သင့်​ကြောင်း အကြံပြုခဲ့ရာ၊ လက်ရှိအိပ်ဆောင်များဖြင့် အနည်းငယ်ကြပ်သော်လည်း လုံလောက်မှု ရှိကြောင်း၊ လက်ခံနိုင်သည့်အင်အားမှာ ၂၃၇ ဦးဖြစ်ပြီး ၁၈-၇-၂၀၁၅ ရက်​နေ့ရှိ အင်အားမှာ ၂၇၀ ဦးရှိသဖြင့် ၃၃ ဦးသာ ပိုမိုလက်ခံထားရှိကြောင်း၊ နောက်ဘတ်ဂျက်ရရှိပါက နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန် ကြား ခဲ့ပါသည်။

၄။      ၇-၆-၂၀၁၅ ရက်​​နေ့တွင် မန္တလေးအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင်ဝင်ဆံ့မှု ထက် အကျဉ်းသားဦးရေမှာ ကျော်လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အာမခံ ပေးသင့်သည့်အချုပ်သားများကို အာမခံပေးခြင်း၊ လွတ်နီးအကျဉ်းသားများအား လွတ် ငြိမ်းချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့်နေထိုင်စေခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အမျိုးသားအိပ်ဆောင် (၃) ဝန်းအတွင်း၌ လူ ၆၀၀ ဆံ့ နှစ်ထပ်အိပ်ဆောင် ၁ လုံး ထပ်မံဆောက် လုပ်ခွင့်ရရှိရန် ဘတ်ဂျက်တင် တောင်းခံထားရှိကြောင်း၊ အချုပ်သားများ အာမခံပေးခြင်းအား တရားရုံးများမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်းချမ်း သာခွင့်ပြုပြီး သို့မဟုတ် ခံဝန်ဖြင့်နေထိုင်စေခြင်းကို နိုင်ငံတော်သမ္မတကသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၆-၃-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။      ၁၁-၆-၂၀၁၅ ရက်နေ့တွင် လားရှိုးအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင်ဝင်ဆံ့ မှုထက် အကျဉ်းသားဦးရေမှာ ကျော်လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အာမခံပေးသင့်သည့်အချုပ်သားများကို အာမခံပေးခြင်း၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့် ပြင်ပတွင် နေထိုင်စေခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့ ပူး​​ပေါင်း၍ လားရှိုးအကျဉ်းထောင်၌ အကျဉ်းသားအိပ်ဆောင်အမှတ် (၁၊ ၃၊ ၄) တို့တွင် ထပ်ခိုးဆောက်လုပ်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ လစဉ်လည်း အကျဉ်းသားများ ပြောင်းရွှေ့ပေး လျက်ရှိကြောင်း၊ အာမခံပေးရန်မှာ တရားရုံး၏ကိစ္စသာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၆-၃-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၆။      ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး၊ သီပေါနှင့် လောက် ကိုင်အကျဉ်းထောင် ၃ ခု သာရှိ၍ သင့်လျော်သောနေရာတွင် အကျဉ်းထောင်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စဉ်းစားသင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲဝေတာဝန်ပေးအပ်မည့် အကျဉ်းထောင်နှင့် အလုပ်စခန်းများ အဆိုပြုဖွဲ့စည်းပုံသစ်အရ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျောက်မဲ၊ မူဆယ်၊ မိုးမိတ်မြို့နယ်တို့တွင်လည်း အချုပ်ထောင်သစ် ၃ ခု တိုးချဲ့ဖွင့်လှစ်ရန် လျာ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြန်ကြားခဲ့ပါသည်။

၇။      ၇-၁၀-၂၀၁၅ ရက်​နေ့တွင် ကော့သောင်းအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး တစ်နိုင်ငံ လုံးတွင် အသက် ၁၆ နှစ်မှ ၁၈ နှစ်ထိ လူငယ်အကျဉ်းသားများကို ဗဟိုအကျဉ်းထောင် ၃ ခုတွင် သာ လက်ခံထိန်းသိမ်းနိုင်ကြောင်း၊ ပြစ်မှုကျူးလွန်သူလူငယ်များ များပြားလာခြင်းကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာမြို့များရှိ အကျဉ်းထောင်များတွင် လူငယ်အကျဉ်းသားများကို ထားရှိထိန်းသိမ်းနိုင်ရန် သီးခြားအိပ်ဆောင်များ ဆောက်လုပ်ခြင်း၊  Vocational Training  များ ဖွင့်လှစ်ပေးခြင်းတို့ကို တိုးချဲ့ဆောင်ရွက် ပေးသင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းထောင်လက်စွဲ ဥပဒေ အပိုဒ် (၄၁၅) အရ လူငယ်အကျဉ်းသားများအား ခွဲခြားထိန်းသိမ်းရန်ဟု ပါရှိကြောင်း၊ လူ ငယ်အကျဉ်းသားများကို ဗဟိုအကျဉ်းထောင် ၃ ခုတွင်သာ လက်ခံထိန်းသိမ်းထားကြောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်ရုံးစိုက်ရာ ထောင်များတွင် လူငယ်အကျဉ်းသားများအား လက်ခံထိန်းသိမ်းရန် အတွက် လတ်တလောအခြေအနေတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ၂၈-၅-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်

 

 

 

 

 

ဆောင်ရွက်ချက်အမှတ်စဉ် (၄/၂၀၁၆/ကာကွယ်)

၁။      ၈-၃-၂၀၁၆ ရက်နေ့တွင် ရေးမြို့နယ်၊ မကျည်းချောင်းဝကျေးရွာ၌ ဗိုလ်ကြီးဇော်မျိုးထက်၊ ခလရ (၂၈၀) က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရွာသားဦးမိုးနှင့် ဦးချစ်စိုးတို့ သေဆုံးခဲ့ကြောင်း ဦးဂျင်မီ(ပါ) ၃ ဦး၏တိုင်တန်းချက်အား ၂-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်မှ လက်ခံရရှိခဲ့ပါ သည်။

၂။      ၁၁-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်သည် အထက်ပါကိစ္စနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက် ရေး စုံစမ်းစစ်ဆေး၍ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားပေးပါရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ အ ကြောင်းကြားခဲ့ပါသည်။

၃။      ၁၃-၅-၂၀၁၆ ရက်နေ့တွင် တိုင်ကြားသူ ၃ ဦးအနက် ဦးဂျင်မီ၊ ဒါရိုက်တာ၊ လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ကို ကော်မရှင်ရုံးခန်းတွင် တွေ့ဆုံ၍ အထောက်အထားများ ရယူခဲ့ပါသည်။

၄။      အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသူရကျော်တို့သည် အခင်းဖြစ် ပွားသည့်နေရာသို့ ၁၈-၅-၂၀၁၆ ရက်နေ့မှ ၁၉-၅-၂၀၁၆ ရက်နေ့ထိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

၅။      ၂၃-၅-၂၀၁၆ ရက်နေ့တွင် ဤအမှုကို စစ်တရားရုံးဖြင့် စစ်ဆေးမည်ဟု သိရှိရသည့်အတွက် ကော်မရှင်ဥပဒေ ပုဒ်မ ၃၇ အရ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု မပြုတော့ပါကြောင်း၊ စစ်တရား ရုံး၏အရေးယူဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ပါသည်။

၆။      ၂၆-၅-၂၀၁၆ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ကြီးဇော်မျိုးထက်(ပါ) စစ်သည် ၃ ဦးကို ၁၉-၅-၂၀၁၆ ရက်နေ့တွင် အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေးပြီးဖြစ်ကြောင်း၊ ပြစ်ဒဏ် အ တည်ပြုနိုင်ရေး အမှုတွဲကို ကမ်းရိုးတန်းဒေသစစ်ဌာနချုပ်သို့ ပေးပို့ဆောင်ရွက်ဆဲဖြစ်ကြောင်း ပြန် ကြားခဲ့ပါသည်။

၇။      ၇-၇-၂၀၁၆ ရက်နေ့တွင် တိုးတက်မှုအခြေအနေများအား ပြန်ကြားပေးပါရန် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ထပ်မံညှိနှိုင်းမေတ္တာရပ်ခံခဲ့ပါသည်။

၈။        ကာကွယ်ရေးဝန်ကြီးဌာန၏ (၂-၈-၂၀၁၆) ရက်စွဲပါ ပြန်ကြားစာအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက် ရယူရန်အတွက် (၁၆-၇-၂၀၁၆) ရက်နေ့တွင် စစ်ဥပဒေချုပ်ရုံးသို့ ပေးပို့ ဆောင်ရွက် ထားဆဲဖြစ်ပါသည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်

 

ဆောင်ရွက်ချက်အမှတ်စဉ် (၃/၂၀၁၆/ကာကွယ်)

၁။      ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ခြံစည်းရိုးကာရံရေး ဆောင်ရွက်စဉ် အဓိကရုဏ်းဖြစ်ပွားပြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့ပါသည်။

၂။      ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးစိုးဘုန်းမြင့်တို့သည် အခင်းဖြစ်ပွား ရာနေရာသို့ ၃၀-၁၂-၂၀၁၄ မှ ၂-၁-၂၀၁၅ ရက်နေ့ထိ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါသည်။

၃။      ကော်မရှင်၏အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ၁၂-၁-၂၀၁၅ ရက်နေ့တွင် ပေးပို့ခဲ့ပါ သည်။

၄။      ကော်မရှင် Website တွင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁/၂၀၁၅) ဖြင့် အကြံပြုတိုက် တွန်းချက် ၄ ချက်ကို ၁၄-၁-၂၀၁၅ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

၅။      အကြံပြုတိုက်တွန်းချက်များအပေါ် ဆောင်ရွက်မှုအခြေအနေကို ပြန်ကြားပေးရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ၂-၄-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၆။      ၎င်းအမှုအား ဆားလင်းကြီးရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၄ /၂၀၁၄) ရေးဖွင့်၍ ၃၀-၁-၂၀၁၅ နေ့တွင် ဆားလင်းကြီးတရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူရန် သက်သေခံအကျဉ်းချုပ် ရေးမှတ်လျက်ရှိကြောင်း၊ အဓိကရုဏ်းနှိမ်နင်းရေးသင်တန်းများ ပို့ချလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ၁၁-၄-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၇။      အမိန့်ချမှတ်ခဲ့မှုအခြေအနေများ ပြန်ကြားပေးရန် မြို့နယ်တရားရုံး၊ ဆားလင်းကြီးသို့ ၁၅-၅-၂၀၁၅ ရက်နေ့တွင် အကြောင်းကြား ခဲ့ပါသည်။

၈။      ရဲတပ်ဖွဲ့ဝင်များအား အရေးယူဆောင် ရွက်ပြီးစီးမှုအခြေအနေများ ပြန်ကြားပေးရန် ပြည်ထဲ ရေးဝန်ကြီးဌာနသို့ ၁၅-၅-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၉။      တိုးတက်မှုအခြေအနေ ပြန်ကြားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားရုံး၊ ဆား လင်းကြီးသို့ ၃၀-၇-၂၀၁၆ ရက်နေ့တွင် ထပ်မံနှိုးဆော်ခဲ့ပါသည်။

၁၀။   ၎င်းအမှုနှင့် စပ်လျဉ်း၍ ၃၀-၁-၂၀၁၅ နေ့တွင် တရားစွဲဆိုလာသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၆ အရ စုံစမ်းစစ်ဆေးရန် ပြစ်မှုဆိုင်ရာ အထွေထွေမှု အမှတ် ၂/၂၀၁၅ ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ ၉-၄-၂၀၁၅ နေ့တွင် ဆားလင်းကြီး ရံစခန်းမှ ပုဒ်မ ၃၀၂ သို့ ပြောင်းလဲခဲ့ကြောင်း၊ မြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင်မှ ၎င်းအမှုနှင့် စပ်လျဉ်း၍ အမှုစစ် ဒုရဲမှူးသန်းနိုင် (ပါ) ရဲ ၁၃ ဦး၊ အရပ်သား ၁၁ ဦး၊ အုပ်ချုပ်ရေးမှူး ၁ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၂၆ ဦး စစ်ဆေးခဲ့ပြီး “ဒေါ်ခင်ဝင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ကြောင်း” အမိန့်ချခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှ ၄-၆-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၁၁။    ရဲတရားရုံးအမှတ်စဉ် (၅၈/၂၀၁၅) (စကရ) မှ ဤအမှုတွင် သေနတ်ပစ်ခတ်ခဲ့သူ ဒုရဲအုပ် ကျော်အောင်အား ရဲအရာခံ အဆင့်သို့ (၅)နှစ်လျော့ချသည့် ပစ်ဒဏ်ကိုလည်းကောင်း၊ ရဲတပ်ကြပ်ကြီး ကိုကိုဦးအားရဲတပ်ကြပ်အဆင့်သို့ (၅)နှစ် လျော့ချသည့် ပစ်ဒဏ်ကို လည်းကောင်း၊ တာဝန်ရှိသူစစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း၊ အမှတ်(၉) လုံခြုံရေးကွပ်ကဲမှု အဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး မျိုးမင်းဦး၊ အမှတ် (၂၈)  လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မျိုးဝဏ္ဏနှင့် ယင်းမာပင်ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်ဦးတို့အား အငြိမ်းစားလစာအတွက် ရဲအမှုထမ်းသက် (၁) နှစ် လျော့ချသည့် ပစ်ဒဏ်တို့ကိုလည်းကောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၅-၈-၂၀၁၆ ရက်နေ့တွင် ပြန်ကြား ခဲ့ပါသည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်