ဆောင်ရွက်ချက်အမှတ်စဉ် (၇/၂၀၁၆/ကာကွယ်)

၁။      ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ဇီးကျွန်းရပ်ကွက်အတွင်းသို့ ၁၉-၆-၂၀၁၅ ရက်နေ့တွင် ခလရ (၂၅၀) စစ်ကြောင်း ရောက်ရှိလာပြီး ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ၂၅-၆-၂၀၁၅ ရက်​နေ့တွင် ရွာသား ၃ ဦး လွတ်မြောက်လာပြီး ၎င်း၏သားမက်ဖြစ်သူ ဦးတူးဂျာ ဆိုသူ သေဆုံးသွားကြောင်း သိရှိရသော်လည်း အလောင်းကို မတွေ့ရကြောင်း၊ ဘာသာရေး အရ ဝတ်ပြုဆုတောင်းပြီး မြုပ်နှံပေးလိုကြောင်း၊ အလောင်းဖျောက်ဖျက်မှုအား အရေးယူပေး စေလိုကြောင်းစသည်ဖြင့် ၃-၉-၂၀၁၅ ရက်နေ့စွဲပါ ဒေါ်မွေဖုထု၏ တိုင်ကြားစာကို ကော်မရှင် မှ ၄-၉-၂၀၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။      ကော်မရှင်သည် တိုင်ကြားစာကို ၁၁-၁-၂၀၁၆ နေ့တွင် ကြားနာသုံးသပ်ခဲ့ပြီး၊ အဖြစ် မှန်အား စိစစ်ဖော်ထုတ်ပေးရန် ၁၉-၁-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ ပါသည်။

၃။      ကာကွယ်ရေးဝန်ကြီးဌာနက သေဆုံးသူမှာ KIA တပ်ရင်း (၆)၊ တပ်ခွဲ (၃) မှ ကိုယ်ပိုင် အမှတ်၊ ဘီ ၁၃၄၇၉၊ တပ်ကြပ်တူးဂျာဖြစ်ကြောင်း၊ ၅-၁၀-၂၀၁၅ ရက်နေ့တွင် အလောင်းအား ပြန်လည်ဖော်ယူ၍ ရင်ခွဲစစ်ဆေးပြီး၊ ၆-၁၀-၂၀၁၅ ရက်နေ့တွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ် ကာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း၊ တာဝန်ရှိသူ ဗိုလ်မှူးရဲကျော်သူအား ဖြစ်စဉ်လိမ်လည်တင်ပြ မှု၊ အလောင်းအား ဖျောက်ဖျက်ခဲ့မှုများကြောင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်လျက်ရှိကြောင်း ၂၁-၁-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      တိုးတက်မှုအခြေအနေကို ထပ်မံပြန်ကြားပေးရန် ၂၅-၂-၂၀၁၆ နေ့တွင် ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ၊ ၁၁-၃-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီး ဌာနက ဗိုလ်မှူးရဲကျော်သူအား အကျဉ်းစစ်တရားရုံး ချုပ်အမှတ် စဉ် (၁၅၆/၂၀၁၅) ဖြင့် စစ်ဆေးပြီး ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း ပြန်ကြားခဲ့ပါ သည်။

၅။      ကာကွယ်ရေးဝန်ကြီးဌာန၏အရေးယူဆောင်ရွက်မှုကို ကော်မရှင်သည် တိုင်ကြားသူ ထံသို့ ၆-၅-၂၀၁၆ ရက်​နေ့တွင် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်