ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် နေ့ ဖြစ်ပွားခဲ့သောပဋိပက္ခနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် က သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

၁။      ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် နေ့ ဖြစ်ပွားခဲ့သောပဋိပက္ခနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် က သွားရောက်ကြည့်ရှုပြီး ကျေးရွာသူ၊ ကျေးရွာသားများအပါအဝင် သက်ဆိုင်သူ များနှင့် တွေ့ဆုံ၍ စုံစမ်းမေးမြန်းခဲ့ပါသည်။

၂။      အဆိုပါဖြစ်စဉ်မှာ ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦနှင့် ပတ် သက်၍ လူမှုကွန်ယက်တစ်ခုဖြစ်သော facebook ​တွင် တင်ခြင်းအပေါ် မကျေမနပ်ဖြစ်မှုကို အခြေခံကာ ကျေးရွာသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၃။      အခင်းဖြစ်ပွားသည့်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့ဝင်များ သူရဲသမိန်ကျေးရွာသို့ ရောက်ရှိလာ ပြီး ကျေးရွာလုံခြုံရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၄။      ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် အဖွဲ့ဝင် ၁၀ ဦးပါသော ကျေးရွာတည်ငြိမ်မှု ထိန်းသိမ်းရေးပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားကြောင်းနှင့် ၎င်းအဖွဲ့သည် သူရဲသမိန်ကျေးရွာအုပ် စုအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအား မူလအခြေအနေအတိုင်း အေးချမ်းစွာနေ ထိုင်ရေး၊ အစဉ်သင့်မြတ်စွာရှိရေး၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆောင် ရွက်ပေးရေးတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၅။      အခင်းဖြစ်ပွားသည့်နေရာ၌ လက်ရှိအခြေအနေတွင် တည်ငြိမ်အေးချမ်းနေပြီဖြစ်၍ ကျေးရွာသားချင်း တစ်ဦးနှင့် တစ်ဦးချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုပျက်ပြားစေပြီး အထင်အ မြင်လွဲမှားစေသည့် အမုန်းစကားများကို Facebook အပါအဝင် နည်းမျိုးစုံဖြင့် ပြောဆိုမှု များအား ရှောင်ကြဉ်သင့်ကြောင်းနှင့် အစဉ်အဆက်နေထိုင်လာခဲ့သည့် ကျေးရွာသားများ မိမိ နေရာတွင် လုံခြုံအေးချမ်းစွာ အစဉ်သဖြင့်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က အကြံပြုတိုက်တွန်းခဲ့ပါသည်။

လူနည်းစုအခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း၍ လူနည်းစု အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်ရှိ Grand Amara Hotel တွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံးမှ Mr. Andrew MacGregor တို့က အဖွင့် အမှာစကားများပြောကြားကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ ဂျီနီဗာနှင့် ဗန်ကောက်မြို့တို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံးမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ – အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အမျိုးသားအဆင့်သင်တန်းသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅အမျိုးသမီးများ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ အမျိုးသားအဆင့်သင်တန်း (National Training Programme in UN Security Council Resolution 1325– Women, Peace and Security) ကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့နှင့် ဥပ္ပ်ဆာလာမြို့တို့တွင် ၂၀၁၆ ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။       ယင်းသင်တန်းသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့် တက်ရောက်ခဲ့ပါသည်။

ယင်းသင်တန်းသို့ တက်ရောက်ရန် Swedish International Development Cooperation Agency (Sida) က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ သင့်တော်သူကိုယ်စားလှယ်များ ကို ဖိတ်ကြားရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းသင်တန်းသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ် (၁) ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ် (၁) ဦး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁) ဦးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်အပါအဝင် အရပ် ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂၀) ဦး၊ စုစုပေါင်း သင်တန်းသား (၂၉) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်း၏ ရည်ရွယ်ချက်များမှာ (၁) ပဋိပက္ခများတွင် အမျိုးသမီးများ၏ အခြေအနေနှင့် အထူးလိုအပ်ချက်များအကြောင်း နားလည်သဘောပေါက်မှု ပိုမိုမြှင့်တင်ရန်၊ (၂) ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ ကို အကောင်အထည်ဖော်ရေးအတွက် ကိရိယာနည်းလမ်းများကို အသုံးပြုခြင်း စွမ်းဆောင်ရည်မြင့်မားစေရန်၊ (၃)  နိုင်ငံတော်အဖွဲ့ အစည်းများနှင့် အခြားအဖွဲ့အစည်းများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ အား မည်သို့ဆောင်ရွက်နိုင်သည်ကို နားလည်သဘောပေါက်မှု တိုးမြှင့်စေရန်၊ (၄) ပဋိပက္ခများအတွင်း နိုင်ငံရေးဆောင်ရွက်မှုများ၌ အမျိုးသမီးများ၏ လွှမ်းမိုးပါဝင်ဆောင် ရွက်နိုင်မှုအတွက် မည်သို့အသုံးချ အားပေးရန်လိုကြောင်း အသိဉာဏ်တိုးတက်စေရန်နှင့် (၅) ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ အပေါ် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှုကွန်ယက်ကို တည်ဆောက်ရန်တို့ ဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ အကြောင်း     မိတ်ဆက်၊ စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လူ့အခွင့်အရေးများအကြောင်း၊ ပြောင်းလဲမှုအတွက် ရည်ရွယ်ခြင်းဆိုင်ရာ စီမံချက်မိတ်ဆက်၊ ကျားမရေးရာမိတ်ဆက်နှင့် ကျားမရေးရာနှင့် ပဋိပက္ခ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ အမြင်မှ လုံခြုံရေးပိုင်းနှင့်      လူ့အခွင့်အရေး လှုပ်ရှားကာကွယ်သူများအပေါ် ရှုမြင်ချက်၊ သင်ကြားရေးနှင့် ဆက်ဆံရေး၊ သတင်း မီဒီယာအစဉ်အလာနှင့် မေးမြန်းခြင်း နည်းနိဿယ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ပဋိပက္ခ၌ လိင်အကြမ်းဖက်မှုနှင့် ကျားမဆိုင်ရာ အကြမ်းဖက်မှု၊ ကျားမရေးရာဆိုင်ရာ ဘတ်ဂျက်ခွဲဝေချထားမှု၊ နိုင်ငံရေး၌ အမျိုးသမီးများ ပါဝင်မှု- ကိုတာစနစ်၊ စီမံချက်ဆိုင်ရာ အမေးအဖြေများ၊ ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာမှု၊ ပဋိပက္ခဆုံးဖြတ်ချက်များ၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေးများ၌ အမျိုးသမီးများပါဝင်မှုနှင့် အာရှတွင် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအကြောင်း စသည့် သင်တန်းဘာသာရပ်များအပေါ် သက်ဆိုင်ရာပုဂ္ဂိုလ်တို့က ပို့ချဆွေးနွေးကြပါသည်။ ထို့ပြင် ယင်းသင်တန်းတွင် ဆွီဒင်ပါလီမန်၊ စတော့ဟုမ်းမြို့ရှိ အမျိုးသမီးများအား အကြမ်း ဖက်မှုဆိုင်ရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပေးသည့် ရဲနှင့်ပူးပေါင်းဆောင်ရွက်သော အိမ်တွင်းအကြမ်းဖက်မှုစင်တာနှင့် ဥပ္ပ်ဆာလာမြို့ရှိ အမျိုးသားများက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ဆွီဒင်အမျိုးသားစင်တာ စသည့်နေရာများသို့လည်း လေ့လာရေးသွား ရောက်ဆွေးနွေးမှုများပြုလုပ်ပါသည်။ သင်တန်းကာလတစ်လျှောက် အုပ်စုလိုက်ဆွေးနွေးပြီး ပြန်လည်တင်ပြဆွေးနွေးခြင်းများ၊ တစ်ဦးချင်းအမြင် ပါဝင်ဆွေးနွေးမှုများ၊ အမေးအဖြေများ ဖြင့် ဆွေးနွေးမှုများလည်း ပြုလုပ်ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးမြှင့်တင် ရေးနှင့်လေ့ကျင့်ပညာပေးဆိုင်ရာလုပ်ငန်းအစီအစဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိများအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိ ပညာဗဟုသုတများအား ပြန့်ပွားစေရန်ရည်ရွယ်၍ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထိမ်းအမှတ်ပြတိုက်၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းတို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးများမှ ရဲအရာရှိ များအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (စစ်တွေ) ၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးဇော်ဝင်းတို့က လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာသဘောတူ စာချုပ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ကလေးသူငယ်ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ရဲလက်စွဲ အားလူ့အခွင့်အရေး ရှုထောင့်မှသုံးသပ်ခြင်း၊ ဥပဒေများ ထုတ်နုတ်၍သုံးသပ်ခြင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်အကြောင်းနှင့် တိုင်တန်းချက်များ လက်ခံဆောင်ရွက်ခြင်း ဘာသာရပ်များကို ရှင်းလင်းပို့ချပြီးသင်တန်းသား များနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (ရန်ကုန်) မှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို ဇွန်လ ၈ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရနောင်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ အကြောင်းကြားစာပေးပို့

၂၈-၉-၂၀၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၄ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာတွင် နှိပ်စက် ညှဉ်းပန်းပြီး အတင်းအဓမ္မဝန်ခံခိုင်းကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့တွင် ဖမ်းဆီးခံထားရသူတစ်ဦး ဖြစ်သည့် မောင်မိုးဇင်အောင်သည် ငါးရွေးသော အလုပ်ရုံတွင်ရှိနေခဲ့ကြောင်း၊ အလုပ်ရုံတွင် တပ်ဆင် ထားသည့် CCTV  မှတ်တမ်းများရှိနေကြောင်း၊ ၎င်းမှတ်တမ်းများကို  ထိုင်းရဲတပ်ဖွဲ့က ယူဆောင် သွားပြီးနောက် CCTV  မှတ်တမ်းတွင် မပါဝင်တော့ကြောင်း၊ ဖွင့်ကြည့်၍ မရဟု ထိုင်းရဲတပ်ဖွဲ့က အကြောင်းပြန်ခဲ့ကြောင်း၊ သေဆုံးသူနှင့် ဖမ်းဆီးထားသူများ၏ DNA စစ်ဆေးမှုများနှင့် ပတ်သက် ၍လည်း မေးခွန်းထုတ်စရာများဖြစ်နေကြောင်း၊ ၎င်းတို့သည် အမှန်တကယ်လူသတ်မှု ကျူးလွန်ပါက မြန်မာနိုင်ငံအတွင်းသို့ အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ပတ်သက်ခြင်းမရှိသည့် အတွက် ဆက်လက်အလုပ်လုပ်ကိုင်နေကြရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းစသည့် သတင်းများကို ကြားသိရသဖြင့်  ၂-၆-၂၀၁၆ နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ ဖမ်းဆီးထားသူများအား ထိုင်းနိုင်ငံတရားဥပဒေနှင့်အညီ စစ်ဆေး စီရင်နိုင်ရေး၊ နှိပ်စက်ညှဉ်းပန်းမှုမပြုရေး၊ မိဘများရှေ့နေများနှင့် တွေ့ဆုံခွင့်ပြုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးတို့အတွက် ဆက်လက်ကူညီဆောင်ရွက်ပေးပါရန် e-mail ဖြင့် အကြောင်း ကြား ခဲ့ကြောင်း၊ အလားတူ ၂၅-၁၀-၂၀၁၅ နေ့ကလည်း ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံစာ ၁ စောင်ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပခြင်း

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ဒုတိယအကြိမ်လုပ်ငန်း အဖွဲ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြ သည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် တီမောလက်စ်တေနိုင်ငံတို့၏ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။

အစည်းအဝေး ဖွင့်ပွဲ၌ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် ဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက မိန့်ခွန်းပြောကြားသည်။ အစည်းအဝေးတွင် ဖိုရမ်၏ အတွင်းရေးမှူးချုပ်ရုံးတည်ထောင်ရေးကိစ္စ၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကုလသမဂ္ဂက ချမှတ်ထားသော တာရှည်ခံသည့် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ (SDGs) အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုအခွင့်အရေး ကိစ္စရပ်များ နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အပါ အဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးကြပါသည်။

လုပ်ငန်းအဖွဲ့အစည်းအဝေး မကျင်းပမီ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အထူးအစည်း အဝေးတစ်ရပ် ကျင်းပကာ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်မည့်  မဟာဗျူဟာ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်းနှင့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ( ၁၃ ) ကြိမ် မြောက် နှစ်ပတ်လည် ညီလာခံကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် နေပြည်တော်၌ ကျင်းပရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။