မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် လောက်ကိုင်ဒေသလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ်(၂/၂၀၁၅)

၁။      လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ (၉) ရက်နေ့မှစတင်၍ တပ်မတော်နှင့် ကိုးကန့် တိမ်းရှော င်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိဖြစ်ပါသည်။ တိုက်ပွဲဒေသအတွင်း ရောက်ရှိနေသော နှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအနက် ထိခိုက်ကျဆုံးသူများ၊ ဒဏ်ရာရရှိသူများ၏ အရေအတွက်မှာလည်း များပြားလှသဖြင့် စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ပါသည်။

၂။      နိုင်ငံတော်အတွင်းထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နှစ် (၆၀) ကျော်ကြာဖြစ်ပွားခဲ့သော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရန် အပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများပါဝင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆင့်များစွာကိုကျော်လွှားလွန်မြောက်ခဲ့ပြီး ဖြစ်သည်ဟု ယူဆပါသည်။ ယခုဖြစ်ပွားသော လောက်ကိုင်ဒေသလက်နက်ကိုင်ပဋိပက္ခမှာ အသစ်တဖန် ပြန်လည်ဖြစ်ပွားလာသည်ကို တွေ့ရှိရသဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်လာမည်ကို ကော်မရှင်အနေဖြင့် စိုးရိမ်ပူပန်မှုရှိပါသည်။

၃။      လက်နက်ကိုင် တိုက်ပွဲများကြောင့်ဖြစ်စေ၊ လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်ရေးသဘောအရ အရေးယူ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ နှစ်ဘက်တပ်ဖွဲ့များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် နှင့် ပိုင်ဆိုင်မှု များအားထိခိုက်မှုမရှိစေရေး အထူးသတိပြုသင့်ကြောင်း တိုက်တွန်းပါသည်။

၄။      ယနေ့ အချိန်အခါသည် အယူအဆ သဘောထားကွဲလွဲမှုများကို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် စတင်ဖြစ်ထွန်းနေပြီဖြစ်သဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ပါက ပြည်သူလူထုအတွက် စိတ်သက်သာဖွယ်ရာ ဖြစ်စေနိုင်မည်ဟုယူဆ ပါသည်။

၅။      လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားတိုင်း ၎င်းနယ်မြေရှိပြည်သူများသည် မြေဇာပင်သဖွယ် ဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်များ ပေါ်ပေါက်လျက် ရှိပါသည်။ ၎င်းတို့၏ အခြေခံလိုအပ်ချက်များ ဖြစ်သော လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ထောက်ပံ့ပေးပါရန်နှင့် ဒုက္ခသည် များသို့ တန်းတူညီမျှပေးပါရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးသို့ မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။

၆။      လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရေး လုပ်ငန်းများကို ဘေးအန္တရာယ် မပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်