မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂၂-၁၂-၂၀၁၄ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ်(၁/၂၀၁၅)

၁။      ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ခြံစည်းရိုးကာရံရေး လုပ်ငန်းဆောင်ရွက်စဉ် ကျေးရွာသူ၊ ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားပြီး ဒေါ်ခင်ဝင်း၊ ၅၃ နှစ် မိုးကြိုးပြင် (အလယ်) ကျေးရွာနေသူ သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ရွာသား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရသည့်အပြင် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားစာအချို့ကိုလည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်ခံ ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၂။      အထက်ပါဖြစ်စဉ်တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ စုံစမ်းစစ် ဆေးရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၉-၁၂-၂၀၁၄ ရက်နေ့တွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးစိုးဘုန်းမြင့်တို့ ပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆောင်ရွက်ချက်အကျဉ်းချုပ်

၃။      စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၃၀-၁၂-၂၀၁၄ ရက်နေ့မှ ၂-၁-၂၀၁၅ ရက်နေ့ထိ မုံရွာမြို့နှင့် ဆားလင်းကြီးမြို့သို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ တိုင်းဆေးရုံအုပ်ကြီး၊ မှုခင်းဆရာဝန်ကြီးနှင့် ပါရဂူများ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာ၊ ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ရဲစခန်းမှူး၊ ရွာသူ၊ ရွာသား  ၅ ဦးတို့ကို တွေ့ဆုံ၍ ရှင်းလင်းတင်ပြ ချက်များနှင့် သက်သေထွက်ဆိုချက်များကို ရယူခဲ့ပါသည်။    ၃၁-၁၂-၂၀၁၄ ရက်နေ့တွင် အခင်းဖြစ်ပွား ခဲ့သည့် နေရာအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

၂၂-၁၂-၂၀၁၄ ရက်နေ့ အဓိကရုဏ်းတွင် အဓိကထိတွေ့မှုများ

၄။      ၂၂-၁၂-၂၀၁၄ ရက်နေ့ နေ့လည် ၁:၀၀ နာရီခန့် အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာ ကျေးရွာအုပ်စု၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ အင်ကြင်းတောင်အနီး ခန့် မှန်း GV- 152402 ၌ ရတဖ(၂၈)မှ ရဲအုပ် ဌေးဝင်း ဦးစီးတပ်စု ၁ စုနှင့် ရွာသူ၊ ရွာသား ၇ဝ ခန့် ပထမဆုံး ထိတွေ့မှုဖြစ်ပြီး ရွာသူ၊ ရွာသားများက လေးဂွများ၊ ခဲများဖြင့် ပေ ၃၀ ခန့်အကွာမှ ပစ်ခတ် ခဲ့ကြောင်း၊ ရဲအုပ် ဌေးဝင်းနှင့်အဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်ခြင်းမပြုရန် အသိပေးတားမြစ်ခဲ့ ကြောင်း၊ ရွာသူ၊ ရွာသားများမှ လက်မခံဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မြဲ တိုက်ခိုက်နေ၍ ရဲအုပ် ဌေးဝင်းနှင့်အဖွဲ့မှ ဒိုင်းများနှင့် ကာရံပြီး ကာကွယ်မှုရယူခဲ့ကြောင်း၊ ရဲအုပ် ဌေးဝင်း၏ ငယ်ထိပ် ဦးခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲအုပ် ဌေးဝင်းအဖွဲ့မှ ဒိုင်းများဖြင့် ကာရံခုခံ နေသည်ကို ရွာသူ၊ ရွာသားများက အခွင့်ကောင်းယူပြီး တဖြည်းဖြည်း ချဉ်းကပ်လာ၍ အနီးရှိ ယင်းမာပင်ခရိုင်၊ အရန်တပ်ခွဲမှ ဒုရဲအုပ် ကျော်အောင် ဦးစီးသောတပ်စု ၁ စုက ရဲအုပ် ဌေးဝင်းအဖွဲ့ အား ကူညီရန် အနီးကပ် သွားရောက်ပူးပေါင်းခဲ့ကြောင်း သက်သေထွက်ဆိုချက်များအရ သိရှိရပါ သည်။

၅။      ယင်းမာပင်ခရိုင်၊ အရန်တပ်ခွဲမှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးလွင်ဦး ဦးစီးသောတပ်စု(၁) ကလည်း ဒုရဲအုပ် ကျော်အောင်၏ယာဘက် ပေ ၃၀ ခန့်အကွာတွင် ခြံစည်းရိုးအစပ်မှ ပြောင်းခင်းကို ဖြတ်ပြီး ရဲအုပ် ဌေးဝင်း၊ ဒုရဲအုပ် ကျော်အောင် ဦးစီးအဖွဲ့တို့အား ကူညီပူးပေါင်းရန် ချီတက်ခဲ့ကြောင်း၊ ပြောင်းခင်းရှေ့ မြေကွက်လပ်အရောက်တွင် ရွာသူ၊ ရွာသား ၇၀ ခန့်က ခဲများ၊ လေးဂွများဖြင့် အနီး ကပ်ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲတပ်ကြပ်ကြီး ချစ်မင်းကို၏ယာဘက်မျက်လုံးပေါက်ထွက် ဒဏ်ရာ ရရှိခဲ့ရာ ပြောင်းခင်းမှ နောက်ကြောင်းပြန်ဆုတ်ခဲ့ကြောင်း၊ ရဲမှူး စိုးလွင်ဦးအဖွဲ့ နောက်ပြန်အဆုတ် တွင် ရဲအုပ် ဌေးဝင်း ပူးပေါင်းအဖွဲ့မှ ညာတောင်ပံရောက်နေသော ဒုရဲအုပ် ကျော်အောင်အဖွဲ့အား ရွာ သူ၊ ရွာသား ၆၀ ခန့်က ရှေ့ဘက်နှင့် ဘေးဘက်မှ အနီးကပ် ဝင်ရောက်ပြီး ဓါး၊ တုတ်၊ ခဲများ၊ လေးဂွ များဖြင့် ပစ်ခတ်ပြီး ဓါးဝှေ့ယမ်း၍ တိုးလာသဖြင့် ဒုရဲအုပ် ကျော်အောင်၏ ယာပါးရိုး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုရဲအုပ် ကျော်အောင်မှ ၎င်းကိုင်ဆောင်သော .၃၀၃ ရိုင်ဖယ် ဖြင့် ကျည်ဆံ ၁၀ တောင့်ကို စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဒုရဲအုပ် ကျော်အောင်၏ ရိုင်ဖယ် သေနတ်ဖြင့် တပ်ကြပ်ကြီး ကိုကိုဦးက ၆ တောင့်၊ တပ်ကြပ်ကြီး မင်းမင်းထွေးက ၄ တောင့်၊ တပ်သား မင်းဝေအောင်က ၄ တောင့်၊ ကနီရဲစခန်းမှ တပ်သား စောကောင်းမြတ်ဦးက ၃ တောင့်ယူ၍ ပစ်ခတ် ကြကြောင်း၊ ၎င်းကျည်ဆံ ၁၇ တောင့်ကို ရဲတပ်သား မင်းဝေအောင်ထံမှ ရရှိကြောင်း၊ ဒုရဲအုပ် ကျော်အောင်က အမိန့်ပေး၍ မိုးပေါ်ထောင်၍ ပစ်ခတ်စေခဲ့ကြောင်း၊ လူစုလူဝေးဖြိုခွဲရေး သေနတ် များအပါအဝင် .၃၀၃ ရိုင်ဖယ်သေနတ် ၁ လက်ကို အသုံးပြုပြီး ပစ်ခတ် လူစုခွဲသည့်အခါမှသာ အကြမ်းဖက် ရွာသူ၊ ရွာသားများ နောက်ဆုတ် ထွက်ခွာသွားခဲ့ကြောင်း သက်သေ ထွက်ဆိုချက်များ အရ သိရှိရပါသည်။

၆။      ဒုရဲအုပ် ကျော်အောင်အဖွဲ့မှ ၎င်းတို့အား အနီးကပ်တိုက်ခိုက်လာသည့် ရွာသူ၊ ရွာသားများကို သေနတ်ဖြင့် လူစုခွဲပစ်ခတ်စဉ် မည်သူမည်ဝါ ထိမှန်သည်ကို မသိရသော်လည်း ရွာသူ၊ ရွာသားများ ဆုတ်ခွာသွားပြီးနောက် ဒုရဲအုပ် ကျော်အောင်အဖွဲ့၏ရှေ့ ပေ ၃၀ / ၄၀ ခန့်အကွာရှိ ယခင် ရဲအုပ် ဌေးဝင်းအဖွဲ့နှင့် ပထမဆုံး ထိတွေ့တိုက်ခိုက်ခဲ့သော အကြမ်းဖက် ရွာသူ၊ ရွာသား ၇၀ ခန့်ပါလူအုပ် အတွင်းမှ ဒေါ်ခင်ဝင်း၊ ၅၃နှစ်(ဘ)ဦးတင်မောင်၊ မိုးကြိုးပြင် (အလယ်)ရွာနေသူ၏ ဦးခေါင်းအား သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း၊ ဒေါ်ခင်ဝင်း၏ အလောင်းအား လုံခြုံရေးအဖွဲ့မှ ကောက်ယူ ရန် စီစဉ်နေစဉ်၊ ဒေါ်ခင်ဝင်း၏ မောင်တော်စပ်သူ ကိုသောင်းအေးမှ နွားလှည်းဖြင့် ကောက်ယူ သယ်ဆောင်ခဲ့ပြီး ၂၂-၁၂-၂၀၁၄ ရက်နေ့ ညနေ ၄:၀၀ နာရီ အချိန်တွင် မိုးကြိုးပြင်(အလယ်)ရွာရှိ ဒေါ်ခင်ဝင်း၏ နေအိမ်တွင် ထားရှိခဲ့ကြောင်း၊ ၂၃-၁၂-၂၀၁၄ ရက်နေ့ ညတွင် ဆားလင်းကြီးမြို့နယ်၊ နာရေးကူညီမှုအသင်း၏မော်တော်ယာဉ်ဖြင့် အလောင်းအား သယ်ဆောင်ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ည ၉:၀၀ နာရီခန့်တွင် ဆေးရုံ ရင်ခွဲတိုက်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

၇။      ဤနေရာတွင် ဒေါ်ခင်ဝင်း၏ ဦးခေါင်းသေနတ်ကျည်ထိမှန်ခံရစဉ်က ရပ်လျက်အနေအထား ဖြစ်ပြီး ထိုင်လျက် မဟုတ်ကြောင်း၊ ဒေါ်ခင်ဝင်းအပါအဝင် ရွာသူ၊ ရွာသား လူအုပ်များ ရှေ့တွင် လုံခြုံရေးရဲများက ရပ်လျက်ပစ်ကြောင်း၊ ရပ်လျက်ပစ်ပြီးနောက် ထိုင်ချခဲ့ကြောင်း၊ ဒိုင်းကာသည့် ရဲများနောက်တွင် ပြန်ထိုင်၊ တဖန် ပြန်ထ၍ ရပ်လျက်ပစ်ကြောင်းကို ရွာသူ၊ ရွာသားများ၏ ထွက်ဆိုချက်များအရ သိရှိရကြောင်း၊ သို့သော် သေနတ်ပစ်သောရဲအား မည်သူမည်ဝါဖြစ်ကြောင်းကိုမူ အတိအကျ ထွက်ဆိုခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ

၈။      အထက်ပါဖြစ်စဉ်များတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် ၁ ဦး၊ ဒုရဲအုပ် ၂ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ရဲဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၄ ဦး စုစုပေါင်း ၁၁ ဦးတို့သည်လည်းကောင်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား အင်ဂျင်နီယာ ၁ ဦးအပါအဝင် တရုတ်နိုင်ငံသား အလုပ်သမား ၉ ဦးတို့သည်လည်းကောင်း၊ ရွာသူ၊ ရွာသား ၁၀ ဦးတို့သည်လည်း ကောင်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် မိုးကြိုးပြင်(အလယ်)ရွာမှ ဒေါ်ခင်ဝင်း သည် သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့ကြောင်း၊ မိုးကြိုးပြင်(တောင်)ရွာမှ ဦးမှိုင်းနှင့် မိုးကြိုးပြင် (အလယ်)ရွာမှ ကိုကျော်မြင့်သိန်းတို့သည် သေနတ်ကျည်ဆံ ထိမှန်သောဒဏ်ရာဖြင့် ဆေးရုံတက် ရောက်ကုသနေဆဲဖြစ်ကြောင်း၊ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ယာမျက်လုံး ပေါက်ထွက်ခဲ့ကြောင်း၊ ကျန်ဒဏ်ရာရရှိသူများသည် ၃၁-၁၂-၂၀၁၄ ရက်နေ့ မတိုင်ခင် ဆေးရုံဆင်းသွား ပြီဖြစ်ကြောင်း စုံစမ်း တွေ့ရှိရပါသည်။

ဒေါ်ခင်ဝင်း၏အလောင်းအား ရင်ခွဲစစ်ဆေးမှု

၉။      ၂၂-၁၂-၂၀၁၄ ရက်နေ့ ညနေ ၄:၀၀နာရီအချိန်ခန့်တွင် သေဆုံးသူ ဒေါ်ခင်ဝင်း၏ အလောင်း အား နွားလှည်းဖြင့် မိုးကြိုးပြင်အလယ်ရွာသို့ သယ်ဆောင်ခဲ့ပြီး နေအိမ်အတွင်း ထားရှိခဲ့ကြောင်း၊ ၂၃-၁၂-၂၀၁၄ ရက်နေ့ ညနေတွင် ဆားလင်းကြီးမြို့နယ် နာရေးကူညီမှုအသင်း၏ မော်တော်ယာဉ်ဖြင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အလောင်းအား ပြင်ဆင်မှု မပြု လုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသိရှိရပါသည်။

၁၀။    ၂၃-၁၂-၂၀၁၄ ရက်နေ့ ည ၉:၀၀ နာရီတွင် ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ လာသော ဒေါ်ခင်ဝင်း၏အလောင်းအား ၂၄-၁၂-၂၀၁၄ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် မုံရွာမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်သန်း၊ တိုင်းမှုခင်းဆရာဝန်ကြီး ဒေါက်တာ တင်နွယ်၊ ဆားလင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင့်လွင်နှင့် လက်ထောက် ဆရာဝန် ဒေါက်တာသီတာစိုးတို့ ပါဝင်သောအဖွဲ့မှ ရင်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် အလောင်းအား မိုးကြိုးပြင်အလယ်ရွာရှိ နေအိမ်သို့ ပြန်လည်သယ်ဆောင်ကာ ၂၅-၁၂-၂၀၁၄ ရက်နေ့ တွင် မိုးကြိုးပြင် အလယ်ရွာ သုသာန်၌ ဂူသွင်းသဂြိုလ်ခဲ့ကြောင်း သိရှိရပါသည်။

၁၁။    အလောင်းအား ရင်ခွဲစစ်ဆေးရေးအဖွဲ့က အလောင်းမှာ အချိန်အတော်ကြာမြင့်မှ ရောက်ရှိခဲ့ သော်လည်း ဒဏ်ရာအား လုပ်ကြံဖန်တီးထားသည်ဟု သံသယဖြစ်ဖွယ်ရာများ မတွေ့ရှိရကြောင်း၊ ရင်ခွဲစစ်ဆေးမှုနှင့် တွေ့ရှိချက်များကို အောက်ပါအတိုင်း မှတ်ချက်ရေးသားခဲ့ကြောင်း သိရှိရပါ သည်-

(က)    External Injuries

(၁)     သေနတ်ကျည်မှန်ဒဏ်ရာ (20cm x 16 cm )၊

(၂)     နဖူးညာဘက် ဆံစပ်အောက်ဖက် 7cm မှစ၍ ဦးခေါင်း နောက်စေ့အထိပွင့် ထွက်နေသည်။ (ဒဏ်ရာအနီး တစ်ဝိုက်တွင် ယမ်းခိုးယမ်းငွေ့ မတွေ့ရပါ)၊

(၃)     အခြားပြင်ပဒဏ်ရာများ မတွေ့ရှိရပါ။

(ခ)    သေဆုံးပြီး ခွဲစိတ်စစ်ဆေးချက်အမှတ် (1/TL/14) 24-12-2014

(၁)     ဦးခေါင်းသေနတ်ကျည်မှန်ဒဏ်ရာကြောင့် ဦးခေါင်းခွံရိုးကျိုး၍ ဦးနှောက် စုတ်ပြဲခြင်း၊ ဦးနှောက်မြှေးအပေါ် အောက် သွေးယိုခြင်းတို့ကြောင့် သေဆုံးခြင်း ဖြစ်သည်။

ဆားလင်းကြီးမြို့နယ်ရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ခြင်း

၁၂။    ၂၃-၁၂-၂၀၁၄ ရက်နေ့ ည ၈:၀၀ နာရီခန့်တွင် သေဆုံးသူဒေါ်ခင်ဝင်း၏ ယောင်းမ ဒေါ်ခင်မာအေး၊ ၈၈ မျိုးဆက်သစ်အဖွဲ့မှ ဒေါ်မီးမီး၊ ဒေါ်သဉ္ဇာခိုင်၊ ဒေါ်နီလာသိန်း၊ ဦးဉာဏ်လင်းနှင့် မီဒီယာအဖွဲ့များ အပါအဝင် လူဦးရေ ၂၀ ခန့်သည် ဆားလင်းကြီးရဲစခန်းသို့ လာရောက်၍ ဒေါ်ခင်ဝင်း သေဆုံး ကြောင်းကို ဒေါ်ခင်မာအေးမှ လက်မှတ်ရေးထိုး၍ တိုင်ချက်ဖွင့်ခဲ့ကြောင်း၊ ဆားလင်းကြီးရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄)ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ရဲစခန်းမှ ဆေးစာရေးသား၍ ဆားလင်းကြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်ခဲ့ကြောင်း၊ ၂၄-၁၂-၂၀၁၄ ရက်နေ့ ညနေတွင် ရဲစခန်းမှူးသည် အခင်းဖြစ်နေရာသို့ အသိသက်သေများနှင့် သွားရောက်၍ မြေတိုင်းစာရေးမှ စကေးကိုက်မြေပုံ ရေး ဆွဲခဲ့ကြောင်း၊ မြေပုံအရ လိပ်ခွံတောင်နှင့် ဒေါ်ခင်ဝင်း သေဆုံးခဲ့သည့် နေရာသည် ၁၉၈၀ ပေ ကွာ ဝေးပြီး၊ လိပ်ခွံတောင်ရှေ့ ခြံစည်းရိုးနှင့် ဒေါ်ခင်ဝင်း သေဆုံးသည့် နေရာသည် ၉၂၄ ပေ ကွာဝေး ကြောင်း၊ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းဖြစ်ကြောင်း၊ သက်သေများကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ အလောင်းအား ရင်ခွဲစစ်ဆေးချက် ပြုလုပ်ခဲ့သော်လည်း မည်သည့်သေနတ်၊ မည်သည့် ကျည်ဆန်ဖြင့် မည်သည့် အကွာအဝေးမှ ထိမှန်သည်ကို ၂-၁-၂၀၁၅ ရက်နေ့ထိ လက်နက် ကျွမ်းကျင်သူ၏ ထင်မြင်ချက် (Expert Opinion) မရရှိသေးကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ

၁၃။    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း နယ်မြေပိုင်းခြားသတ်မှတ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ၃၁-၁၂-၂၀၁၄ ရက်နေ့အထိ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

၁၄။    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ ၃၂ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် အရ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအတွင်း ခြံစည်းရိုး တိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်ကို ၂၀-၁၂-၂၀၁၄ ရက်နေ့တွင် ရေးဆွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

၁၅။    လုံခြုံရေးတပ်ဖွဲ့မှ နှောင့်ယှက်ဟန့်တားမှုများအား သတိပေးတားမြစ်ခြင်း ဆောင်ရွက်ရာ တွင် ၎င်းတို့မှ လိုက်နာခြင်းမရှိဘဲ ရှေ့ဆက်တိုးလာပါက လုံခြုံရေးရဲတပ်ဖွဲ့မှ အပိုင်း ၇ ပိုင်းဖြင့် လူစုခွဲခြင်းအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇ နှင့် ပုဒ်မ ၁၂၈ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-

          (က)    အင်အားပြခြောက်လှန့်လူစုခွဲခြင်း၊

          (ခ)     အသံဖြင့် ခြောက်လှန့်လူစုခွဲခြင်း၊

          (ဂ)     ရေလုံးဖြင့် လူစုခွဲခြင်း၊

          (ဃ)    မျက်ရည်ယိုဗုံး အသုံးပြုလူစုခွဲခြင်း၊

          (င)     ရာဘာတုတ်၊ ဒိုင်းများ အသုံးပြု၍ လူစုခွဲခြင်း၊

          (စ)     လူစုလူဝေးဖြိုခွဲရေးလက်နက်ခဲယမ်းများအသုံးပြု၍ လူစုခွဲခြင်း၊

          (ဆ)    အကြမ်းဖက်နှိမ်နှင်းရေးလက်နက်ခဲယမ်းများဖြင့် လူစုခွဲခြင်း။

၁၆။    ၂၂-၁၂-၂၀၁၄ ရက်နေ့ အဓိကရုဏ်းဖြစ်စဉ်တွင် အဆင့် (၃) ဖြစ်သည့် ရေလုံးဖြင့် လူစုခွဲခြင်း အတွက် မီးသတ်ယာဉ် တွဲဖက်ထားသော်လည်း ပြန့်ကျဲနေသော လူအုပ်စုများဖြစ်၍ ဆောင်ရွက်နိုင် ခြင်းမရှိကြောင်း၊ မီးသတ်ကားမှာလည်း ၁ စီးသာရှိကြောင်း၊ အဆင့် (၄)ဖြစ်သည့် မျက်ရည်ယိုဗုံး အသုံးပြုခြင်းအတွက် မျက်ရည်ယိုဗုံး ထုတ်ပေးထားခြင်း မရှိသဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

၁၇။    လုံခြုံရေးစီမံချက်အရ ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် တိုးချဲ့ကာရံမည့် ခြံစည်းရိုး ၁၀.၆ ကီလို မီတာအား အပိုင်း ၃ ပိုင်းခွဲ၍ တပြိုင်နက်တည်း ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သဖြင့် တစ်နေရာနှင့် တစ်နေရာ အလှမ်းဝေးပြီး ကွပ်ကဲရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။

၁၈။    လုံခြုံရေးစီမံချက်တွင် ဆောင်ရွက်မည့်အပိုင်းအလိုက် အကျိုးအပြစ်များကို ဖော်ထုတ်ရာ၌ အကျိုး ၇ ခုဖြစ်ပြီး၊ အပြစ် ၁၉ ခုဖြစ်ကြောင်း၊ တွေ့ဆုံရမည့် ရွာသူ၊ ရွာသားအင်အားကို ရွာအလိုက် အသေးစိတ် မျှော်မှန်းတွက်ချက်ထားခြင်းမရှိဘဲ ခေါင်းဆောင်ပိုင်းလောက်ကိုသာ ထည့်သွင်းတွက်ချက်ထားကြောင်း တွေ့ရှိ ရပါသည်။

၁၉။    လူစုခွဲခြင်းနောက်ဆုံးအဆင့် (၇) တွင်အဓိကကျသူကို တိကျသောပစ်မိန့်ပေး၍ အကြမ်းဖက် နှိမ်နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲရမည်ဖြစ်သော်လည်း ယခုပစ်ခတ်မှုများသည် အဆင့်အချို့ကိုကျော်လွန်၍ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၀။    ကွပ်ကဲမှုအဖွဲ့သည် လုံခြုံရေးစီမံချက်ပါ ပစ္စည်းပစ္စယ အသုံးအဆောင်များ ပြည့်စုံစွာပါရှိအောင် စီမံမှုမရှိခြင်း၊ လူစုခွဲရာ၌ သတ်မှတ်ထားသည့် အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့မှု မရှိခြင်းကို တွေ့ရှိရပါသည်။

၂၁။    လူစုခွဲရာတွင် အဆင့်လိုက်၊ အကွာအဝေးအလိုက် သုံးစွဲရမည့် လက်နက်များကို စီမံချက်ပါအပိုင်းလိုက် သုံးစွဲခဲ့သည့် အခြေအနေမျိုးမရှိဘဲ တပြိုင်နက်တည်း အရေးပေါ်သုံးစွဲခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၂။     ၂၂-၁၂-၂၀၁၄ ရက်နေ့က သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏အလောင်းသည် မိုးကြိုးပြင် (အလယ်) ရွာရှိ ၎င်း၏နေအိမ်သို့ ရောက်ရှိသွားပြီး ၂၃-၁၂-၂၀၁၄ ရက်နေ့ ညနေပိုင်းတွင်မှ ဆားလင်းကြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၃။    ရွာသူရွာသားများ၏ ထွက်ဆိုချက်အရ ဒေါ်ခင်ဝင်းသည် ကျည်ဆံထိမှန်ခံရသည့်အချိန်က မတ်တပ်ရပ် အနေအထားဖြစ်ပြီး ထိုင်လျက်အနေအထား မဟုတ်ကြောင်း၊ ဒေါ်ခင်ဝင်း ရှိရာနေရာ တည့်တည့်ဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိပြီး၊ အချို့မှာ ရပ်လျက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ ထို့နောက် ပြန်ထိုင်ပြီး နောက်တစ်ဖွဲ့မှ ထလျက်ပစ်ကြောင်း သိရှိရပါသည်။

၂၄။    လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ရွာသူရွာသားများသည် တုတ်၊ ဓါး၊ လေးဂွ၊ တံစဉ်း၊ ဂျင်ဂလိများ ကိုင်ဆောင်ပြီး ဂျင်ဂလိ၊ လေးဂွများဖြင့် ပစ်ခတ်ကြောင်း၊ ဓါးဖြင့် ဒိုင်းကို ခေါက် ကြောင်း၊ ဓါးဝှေ့ယမ်းလျက် တိုးဝင်လာသဖြင့် သတိပေးခြောက်လှန့်ရန် အမိန့်ပေးခဲ့ပြီး သေနတ်များ ကို မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြကြောင်း ထွက်ဆိုကြသည်ကို သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သုံးသပ်ချက်

၂၅။    လုံခြုံရေးအဖွဲ့များနှင့် ရွာသူ၊ ရွာသားများ နီးကပ်လွန်းသဖြင့် စီမံချက်ပါအဆင့်အလိုက် ဆောင်ရွက် နိုင်ခဲ့ခြင်းမရှိဘဲ ရွာသားများနှင့် လုံခြုံရေးအဖွဲ့များ ထွေးလုံးရစ်ပတ် တိုက်ခိုက်ရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ကြောင်း သုံးသပ်ပါသည်။

၂၆။    ကွပ်ကဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှု အားနည်းခြင်းကြောင့် လုံခြုံရေးစီမံချက်ပါ လူစုခွဲခြင်း အဆင့်ဆင့်၌ ရေလုံးနှင့်မျက်ရည်ယိုဗုံးကို အသုံးပြုနိုင်ခဲ့ခြင်းမရှိသဖြင့် နှစ်ဘက်စလုံး၌ ထိခိုက် ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း သုံးသပ်ပါသည်။

၂၇။    ရဲတပ်ဖွဲ့ဝင်များသည် စီမံချက်ပါ လူ၊ လက်နက်ခဲယမ်းဖွဲ့စည်းပုံအရ ကိုင်ဆောင်ရန်သတ်မှတ် ထားသည့် အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင် ပစ်ခတ်မှုမရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ပါသည်။

၂၈။    ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခြင်းသည် ကမ္ဘာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ၌ ပြဋ္ဌာန်းထားသည့် လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှု ရခွင့်ရှိသည် ဟူသည့်အချက်အရ ၄င်း၏အသက်ရှင်သန်မှု အခွင့်အရေးကို ထိခိုက်စေခဲ့သည်ဟု သုံးသပ်ရ ပါသည်။

၂၉။    နှစ်ဘက်သက်သေထွက်ဆိုချက်များ၏ မှန်ကန်ခိုင်မာမှုကို ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သင့် ကြောင်း သုံးသပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုတိုက်တွန်းချက်

၃၀။    ဆားလင်းကြီးရဲစခန်းတွင်ဖွင့်လှစ်ထားသည့် သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၄)အား ဥပ​​ဒေအရ ဆက်လက် အရေးယူဆောင်ရွက်သင့်ပါသည်။

၃၁။    စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာ အတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ကို စနစ်တကျအကောင်အထည်ဖော်ရန် အားနည်း ခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများအား ဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူဆောင်ရွက်သင့် ပါသည်။

၃၂။    စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာ အတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ခဲ့ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်တို့အား ဖော်ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသင့်ပါသည်။

၃၃။    လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် စပ်လျဉ်းသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား အဘက်ဘက်မှ အပြန်အလှန် သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်အောင် အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်