၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

၁။      အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခါသမယတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံပြည်သူပြည်သားများနှင့်လည်းကောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့် လည်းကောင်း ပူးပေါင်းကာ ဤသမိုင်းဝင်နေ့ရက်ကို ဂုဏ်ပြုပါသည်။

၂။      ယခုနှစ်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွက် အရေးကြီးသောနှစ် ဖြစ် ပါသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီးနောက် အဖွဲ့ဝင်(၁၁)ဦးပါဝင်သည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ဥပဒေနှင့်အညီပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါကော်မရှင်ဥပဒေ၏ ရည်ရွယ် ချက်များအနက် ရည်ရွယ်ချက်တစ်ရပ်တွင် ကုလသမဂ္ဂကထုတ်ပြန်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာ တမ်း ကို အသိအမှတ်ပြု၍ လူ့အခွင့်အရေးကိုလေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာ စေရန်ဟု ဖော်ပြပါရှိပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရန် ရည်ရွယ်ချက်အပြင် ဥပဒေသည် နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ ဆုံးဖြတ်ချက်များ၊ ဒေသဆိုင်ရာ သဘောတူညီချက်များနှင့် ကြေညာချက်များပါ လူ့အခွင့်အရေးများကို ထိရောက်စွာ မြှင့်တင်ကာကွယ်နိုင် ရန်အတွက်လည်း ရည်ရွယ်ပါသည်။ ကော်မရှင်အနေဖြင့် အဆိုပါရည်ရွယ်ချက်များကို ယုံကြည်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။

၃။      ၂၀၁၄ခုနှစ်အတွင်း၌ ကော်မရှင်သည် ဧရာဝတီ၊ မကွေး၊ မန္တလေး နှင့် ပဲခူးတိုင်း ဒေသကြီး တို့အတွင်းရှိ မြို့နယ်သို့သွားရောက်၍ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ယခင်နှစ်မှစ၍ ယခုနှစ်ကုန်အထိ ပြည်နယ်နှင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၄၀) သို့ သွားရောက်ကာ ၎င်းဒေသတွင် နေထိုင်ကြသော ပြည်သူ များ အတွက် လူ့အခွင့်အရေးအသိပညာ ဗဟုသုတများကို ဖြန့်ဝေနိုင်ခဲ့ပါသည်။ ယခုနှစ်အတွင်း၌ ကော်မရှင် သည် ဆွီဒင်နိုင်ငံမှ ရာအူးဝါလင်းဘတ်တက္ကသိုလ်နှင့် ပူးပေါင်း၍ ပြည်နယ်(၇) ရပ်သို့ သွားရောက်ကာ သက်ဆိုင်ရာပြည်နယ်အသီးသီးမှ နိုင်ငံဝန်ထမ်းများအား လူ့အခွင့်အရေးပညာပေးသင်တန်းများ ကျင်းပရန် စီစဉ်ခဲ့ပါသည်။ ယင်းကဲ့သို့ စီစဉ်သည့်အတိုင်း အလုပ်ရုံသင်တန်းများကို မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိသည့် ပြည်နယ် (၂) ရပ်ဖြစ်သော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ယခုနှစ်မကုန်မီ ကျင်းပသွားမည်ဖြစ်ပါ သည်။ ယခုကဲ့သို့ လူ့အခွင့်အရေးပညာပေးသင်တန်းများကျင်းပခြင်းသည် နိုင်ငံ့ဝန်ထမ်းများအား လူ့အခွင့် အရေး အသိပညာမြင့်မားစေပြီး လူ့အခွင့်အရေးဖောက်ဖျက်မှုများမဖြစ်ပေါ်စေရေးအတွက် ကုစားမှု တစ်ရပ် ဖြစ်စေပါမည်။

၄။      ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့် အရေးကာကွယ်ရေးလုပ်ငန်းအဖြစ် ကော်မရှင်တွင်လက်ခံရရှိသောတိုင်တန်းချက်များကို သေချာစွာ စဉ်းစား ကိုင်တွယ်ခြင်းဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံ ခိုတောင်းကျွန်း၌ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့က ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား နှစ်ဦးအား ဗြိတိန်နိုင်ငံမှ စုံတွဲကို မုဒိန်းကျင့်မှုနှင့်လူသတ်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း လေ့လာ သိရှိရသည့်အခါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ထိုင်းနိုင်ငံ၌ဖမ်းဆီးခံနေရသည့် အဆိုပါ မြန်မာအလုပ်သမားနှစ်ဦး၏လူ့အခွင့်အရေး အကာအကွယ်ပေးရေးအတွက် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှတစ်ဆင့် မေတ္တာရပ်ခံခဲ့ပါသည်။ အခြားကိစ္စတစ်ရပ်မှာ ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ ကော်မရှင်သည် ဒုတိယဥက္ကဋ္ဌခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးပြီး နိုင်ငံတော်သမ္မတထံ အထူးအစီရင်ခံစာတင်သွင်းခဲ့ပါသည်။ ထို့ပြင် ပြည်သူများသိရှိ စေရေးအတွက် ကော်မရှင်ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

၅။      လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်းသည့် နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်း ပခြင်းသည် ကော်မရှင်၏အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းရပ်ကို အကောင် အထည်ဖော်သည့်အနေဖြင့် ကော်မရှင်သည် ၂၀၁၄ ခုနှစ်အတွင်း အဓိကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စာချုပ်များနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲအသီးသီးကို ကျင်းပခဲ့ပါသည်။ နှိပ်စက်ညှင်းပန်းမှု နှင့် အခြားရက်စက်ကြမ်းကြုတ်သော၊ လူသားမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော ပြုမူ ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေးသဘောတူစာချုပ်နှင့် စပ်လျဉ်းသည့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်၊ မတ်လတွင် နေပြည်တော်၌ကျင်းပခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော် နှင့် တရားရေးတို့မှ အဆင့်မြင့်အရာထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တစ်ဖန် ၂၀၁၄ခုနှစ်၊ ဇူလိုင် လတွင် မသန်စွမ်းသူများအခွင့်အရေးအတွက် အမျိုးသားစုံစမ်းရေးလုပ်ငန်းရေးဆိုင်ရာ ပဏာမ အလုပ်ရုံ သင်တန်းကို ရန်ကုန်မြို့ရှိ အင်းယားကန်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံ သင်တန်းသို့ မသန်စွမ်းသူပုဂ္ဂိုလ်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ လူမျိုးရေးခွဲခြားမှုမပြုရေး၏ အရေးကြီးမှု ကို သိရှိနားလည်စေရေးအတွက် လူမျိုးရေးခွဲခြားမှုပုံစံအားလုံးတိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူ စာချုပ်နှင့် စပ်လျဉ်းသည့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်၊ သြဂုတ်လတွင် နေပြည်တော်၌ ကျင်းပ ခဲ့ပါသည်။ ကော်မရှင်က ယခုနှစ်အတွင်းကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲများအနက် အထူးအရေးကြီး သည့်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ် သည့် လုပ်ငန်းစဉ် (UPR) တွင် မြန်မာနိုင်ငံသုံးသပ်မှုခံယူရေး ကိစ္စနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ် ပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ တွင် နေပြည်တော်၌ကျင်းပခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ကော်မရှင်အသီးသီးမှအဖွဲ့ဝင်များ၊ အစိုးရပိုင်းမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်၍ တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဒုတိယအကျော့ UPR လုပ်ငန်းစဉ်တွင် ၂၀၁၅ခုနှစ်အတွင်း၌ သုံးသပ်မှုခံယူရန်ရှိရာ အမျိုးသား အဆင့် အစီရင်ခံစာ တင်သွင်းရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ပေးသည့်အနေဖြင့် အဆိုပါအလုပ်ရုံဆွေး နွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။

၆။      ဒေသဆိုင်ရာလှုပ်ရှားမှုအနေဖြင့် ကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်တစ်ဦးလိုက်ပါလျက် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၃ ရက် မှ ၅ ရက်အထိ နယူးဒေလီမြို့၌ကျင်းပသော အာရှပစိဖိတ်ဒေသ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ် APF ၏(၁၉)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်ကာ APF ၏၂၀၁၅ မှ ၂၀၂၀ ခုနှစ် အထိ မဟာဗျူဟာစီမံကိန်းရေးဆွဲရေး၌ တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် SEANF ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော SEANF ၏(၁၁)ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက် ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် SEANF   ၏ ၂၀၁၂ ခုနှစ် မှ ၂၀၁၆ ခုနှစ်ထိ မဟာဗျူဟာ လုပ်ငန်းစဉ်ကိစ္စနှင့် SEANF အတွင်းရေးမှူးချုပ်ရုံး ဖွင့်လှစ် ရေးကိစ္စတို့ အပါအဝင် ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးကြပါသည်။ ဆွီဒင်နိုင်ငံရှိ ရာအူးဝါ လင်းဘတ် တက္ကသိုလ်၏စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့ အထိ မွန်ဂိုလျားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ သွားရောက်ကာ မွန်ဂိုလျားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များကိုလေ့လာပြီး မိမိတို့ဆောင်ရွက်ချက်များကိုလည်း မျှဝေခြင်းဖြင့် အတွေ့အကြုံဖလှယ်ခွင့်ရရှိခဲ့ပါသည်။ ယင်းသို့လေ့လာစဉ်တွင် ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်အတွက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုရန်သဘောတူညီမှု ရရှိခဲ့ကြပါ သည်။ ကော်မရှင်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံလူ့အခွင့်အရေးလေ့လာရေးအဖွဲ့အစည်းသို့လည်း သွားရောက် လည်ပတ်ခဲ့ပါသည်။ အဆို့ပါအဖွဲ့အစည်းသည် တရုတ်နိုင်ငံ၌ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အကြီးမား ဆုံး အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ နားလည်မှုအတွက် ပညာရေး ဆိုင်ရာ အာရှပစိဖိတ်ဌာန နှင့် ဗန်ကောက်မြို့ရှိ ယူနက်စကို ရုံးတို့ပူးပေါင်းကျင်းပသည့်  “ငြိမ်းချမ်းရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ယဉ်ကျေးမှုအတွက် တစ်ကမ္ဘာလုံး၏နိုင်ငံသားများ ပညာရေး” ( EIU: Global Citizenship Education for a Culture of Peace and Sustainability ) အမည်ရှိ မဲခေါင် ဒေသခွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေးက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ရေရှည်ခံသည့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ပညာရေး၏အရေးပါမှု အသိပညာကို မျှဝေနိုင်ခဲ့ပါသည်။ ယခုနှစ်အတွင်း အခြား အရေးကြီးသော အစည်းအဝေးတစ်ရပ်မှာ “ လူ့အခွင့်အရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်း” အမည်ရှိ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို သစ်တောဆိုင်ရာပုဂ္ဂိုလ်များ၏အစီအစဉ်( Forest Peoples Programme ) အမည်ရှိ အစိုးရ မဟုတ်သောအဖွဲ့အစည်း၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျင်းပခဲ့ခြင်း ဖြစ်ပါ သည်။ အစည်းအဝေးတွင် အရှေ့တောင်အာရှဒေသ၌ ပုံမှန်စွမ်းဆောင်ရည်နှင့် အဆင့်အတန်း တည်ဆောက် ရေးသို့ဦးတည်ဆောင်ရွက်သည့် လူ့အခွင့်အရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး လုပ်ငန်း ခေါင်းစဉ်ပါ ဘာလီကြေညာချက်ကို သုံးသပ်ဆွေးနွေးကြပြီးနောက် “အရှေ့တောင်အာရှဒေသတွင် လူ့အခွင့် အရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်း” ခေါင်းစဉ်ဖြင့် ရန်ကုန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ ပါသည်။

၇။      လူ့အခွင့်အရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေတွင် သတ်မှတ်ပါရှိသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုပါသည်။ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ပြည့်ဝစွာရရှိမည်ဟုလည်း မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်