ဆောင်ရွက်ချက်အမှတ်စဉ် (၂/ ၂၀၁၇/ ကာကွယ်) (မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှ တိုင်တန်းသည့်ကိစ္စ)

၁။      မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြနန္ဒာလမ်းတွင်နေထိုင်သူ နေမင်းထွန်း(ခ) လှလေးစိန်အား ၁၆-၁၂-၂၀၁၆ ရက်နေ့က ကျိုက္ခမီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး အိမ်သို့ အကြိမ်ကြိမ် လာရောက်ရှာဖွေကြောင်း၊ အထောက်အထား၊ သက်သေခံပစ္စည်း မတွေ့သော်လည်း  ဇန်နဝါရီလ ၃ ရက်နေ့၌ လွှတ်ပေးမည်ဟုပြောဆိုကာ မြိုင်သာယာရဲစခန်းသို့ ပြောင်းရွှေ့ခေါ်ဆောင် သွားခဲ့ကြောင်း၊ ၎င်းရဲစခန်း၌ ၁-၁-၂၀၁၇ ရက်နေ့တွင် နေမင်းထွန်း(ခ) လှလေးစိန်၏ ခန္ဓာကိုယ် နှင့် လိင်အင်္ဂါတို့အား ကျင်စက်ဖြင့်တို့ပြီး ညှဉ်းပန်းနှိပ်စက်၍ ဆိုင်ကယ်ခိုးသည်ဟု ဝန်ခံခိုင်းခြင်း ကြောင့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူများအား အရေးယူပေးပါရန်ဟု ဖခင်ဖြစ်သူ ဦးတင်မြင့်မှ ကော်မရှင်သို့ တိုင်တန်းလာပါသည်။

၂။      ကော်မရှင်၏ တာဝန်ပေးချက်အရ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၈-၁-၂၀၁၇ ရက်နေ့မှ ၂၀-၁-၂၀၁၇ ရက်နေ့အထိ မော်လမြိုင်မြို့၊ ကျိုက္ခမီမြို့နှင့် ပဲခူးမြို့များသို့ သွားရောက်၍ အမှုနှင့်စပ်လျဉ်းသည့် သက်သေ ၁၉ ဦးတို့အား တွေ့ဆုံမေးမြန်းခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ အောက်ပါအတိုင်း သုံးသပ်ရရှိပါသည်-

(က)    မှုခင်းအကူဌာနမှ တာဝန်ရှိသူများသည် နေမင်းထွန်း (ခ) လှလေးစိန်အား စစ်ကြော မှု ပြုလုပ်ရာတွင်လည်းကောင်း၊ သက်သေခံပစ္စည်း ဆိုင်ကယ်အား လိုက်လံ သိမ်းဆည်းရာတွင်လည်းကောင်း ကျင်စက်ဖြင့် ခန္ဓာကိုယ်အနှံ့နှင့် လိင်အင်္ဂါကိုတို့၍ နှိပ်စက် ညှဉ်းပန်းခဲ့သည်ဟူသော အချက်နှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေခံ အထောက်အထား မတွေ့ရှိရသဖြင့် မှန်ကန်သည်ဟု ပြောဆိုရန် ခဲယဉ်းသည်ဟု သုံးသပ်ပါသည်။

(ခ)     စွပ်စွဲခံရသူ နေမင်းထွန်း (ခ) လှလေးစိန်အား မုပွန်ရဲစခန်းတွင် ၁၆-၁၂-၂၀၁၆ ရက် နေ့မှ ၁၉-၁၂-၂၀၁၆ ရက်နေ့အထိ (၃ ရက်ကြာ) အရပ်ရပ်နေ့စဉ်မှတ်တမ်း (GD) တွင်ဖော်ပြ၍ ထိန်းသိမ်းထားရှိခြင်းမှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လုံလောက် သော ဆောင်ရွက်ထားမှု မရှိဟု သုံးသပ်ပါသည်။

(ဂ)     စွပ်စွဲခံရသူ နေမင်းထွန်း (ခ) လှလေးစိန်အား ရဲစခန်းအသီးသီးတွင် ၁၆-၁၂-၂၀၁၆ ရက်နေ့မှ ၃-၁-၂၀၁၇ ရက်နေ့အထိ ၁၉ ရက်ကြာ ခေါ်ယူထိန်းသိမ်းထားရှိသော်လည်း သက်ဆိုင်ရာ ရဲစခန်းမှူးများက အမှုကို ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ခြင်း မရှိ သည့်အတွက် ရဲလုပ်ငန်းကို ပြည့်စုံအောင် ဆောင်ရွက်ခြင်းမပြုဟု သုံးသပ်ပါသည်။

၃။      သို့ဖြစ်ပါ၍ ကော်မရှင်က အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ (ခ) တွင် တရားရုံး၏ ခွင့်ပြုချက် မရရှိဘဲ နိုင်ငံသားတစ်ဦးကို (၂၄) နာရီထက် ကျော်လွန်ချုပ်နှောင်ထားခွင့် မရှိ စေရဟု ပြဋ္ဌာန်းထားသော်လည်း ကျော်လွန်ချုပ်နှောင်မှု ရှိခဲ့သဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များအား ဥပဒေနှင့်အညီ အရေးယူသင့်ပါသည်။

(ခ)     ထို့ပြင် နောင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် အထက် အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။

(ဂ)     ပြစ်မှုများ ဖော်ထုတ်ဆောင်ရွက်ရာတွင် စနစ်တကျ ကြိုတင်ပြင်ဆင်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲလုပ်ငန်းများကို နည်းလမ်းတကျ ပြည့်စုံအောင် ဆောင်ရွက်စေသင့်ပါသည်။

(ဃ)    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ များ၏ တာဝန်ရှိသူများအား ပြည်သူလူထု၏ နစ်နာမှုများကို လာရောက်တိုင်ကြား ပါက လက်ခံတွေ့ဆုံပြီး ဖြေရှင်းပေးနိုင်ရေးအတွက် လမ်းညွှန်မှုများ ပေးသင့်ပြီး လိုအပ်သည့် နည်းလမ်းနှင့် အစီအမံများ ချမှတ် ဆောင်ရွက်သင့်ပါသည်။

                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်