မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး၊ မြင်းခြံအကျဉ်းထောင်၊ ရဲအချုပ်ခန်းများ၊ ဆေးရုံအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ်စဉ်(၂/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ညောင်ဦး၊ မြင်းခြံမြို့များရှိ အကျဉ်းထောင်၊ ရဲအချုပ် ခန်းများ၊ ဆေးရုံအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ၁၀-၁-၂၀၁၇ ရက်နေ့မှ  ၁၂-၁-၂၀၁၇ ရက်နေ့ထိ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      ညောင်ဦးအကျဉ်းထောင်နှင့် ပတ်သက်သည့် အောက်ပါအတိုင်း အကြံပြုချက်များ-

(က)    အကျဉ်းသားများအတွက် ချက်ပြုတ်ကျွေးမွေးသော မီးဖိုကြီးမှာ သန့်ရှင်းရေး ကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ လက်ရှိအခြေအနေကို ဆက်လက် ထိန်းသိမ်းထားပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်သင့်ပါသည်။

(ခ)     TB ရောဂါသည် လူနာများအား နေရာအခြေအနေအရ အခြားအကျဉ်းသားများနှင့် အတူ ထားသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ တတ်နိုင်သရွေ့ ခွဲထားနိုင်ရေး စီစဉ် ဆောင်ရွက်သင့်ပါသည်။

(ဂ)     ဆရာဝန်မရှိသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တောင်းခံသင့်ကြောင်း၊

(ဃ)    ကျားအိပ်ဆောင်တွင် နေ့အသုံးပြု အိမ်သာများ ပျက်စီးနေကြောင်းတွေ့ရသဖြင့် နေ့ အိမ်သာများအား ပြုပြင်သင့်ပါသည်။

(င)     အိပ်ဆောင်များတွင် ခင်းထားသော ဖယောင်းပုဆိုးများ ပေါက်ပြဲနေကြောင်း တွေ့ရ သဖြင့် ယင်းဖယောင်းပုဆိုးများအား အသစ်လဲလှယ်သင့်ပါသည်။

(စ)     အမျိုးသမီး အကျဉ်းသူများအတွက် လစဉ်သုံး ဂွမ်းထုပ်များအား အကျဉ်းဦးစီးဌာန ၏ အစီအစဉ်ဖြင့် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဆ)    ကိုယ်ဝန်ဆောင် (၁) ဦးနှင့် ကလေးမိခင် (၂) ဦးတို့အားတွေ့ရှိရသဖြင့် ၎င်းတို့ အတွက် မိခင်နို့ တိုက်ကျွေးနိုင်ရေး ဖြည့်စွက်အစာများ ကျွေးမွေးသင့်ပါသည်။

၃။      ညောင်ဦးမြို့ရှိ အချုပ်ခန်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုချက်များ-

(က)   ညောင်ဦးမြို့နယ်ရဲအချုပ်ခန်းရှိ အမျိုးသမီး အချုပ်ခန်းတွင် အိမ်သာသီးခြား မရှိ သဖြင့် ဆောက်လုပ်ပေးသင့်ပါသည်။

(ခ)     ညောင်ဦးတရားရုံးရှိ ကျား/မ အချုပ်ခန်းများမှ အိမ်သာများမှာ မသန့်ရှင်းကြောင်း တွေ့ရသဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     ညောင်ဦးမြို့နယ် ရဲအချုပ်ခန်း ဝင်ပေါက်သည် အမြင့် ၆ ပေရှိသော်လည်း ညောင်ဦး တရားရုံးအချုပ်ခန်းနှင့် ပုဂံရဲအချုပ်ခန်း ဝင်ပေါက်သည် အမြင့် ၄ ပေခွဲသာ ရှိသေး သဖြင့် ၆ ပေအမြင့် ပြင်ဆင်သွားသင့်ပါသည်။

၄။      မြင်းခြံအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များ-

(က)    ICRC အစီအစဉ်ဖြင့် ပြုလုပ်ပေးထားသော မိလ္လာမြောင်းများမှ အနံ့ဆိုးများ ထွက် နေသဖြင့် ယင်းအနံ့အသက်များ ပျောက်ကင်း သက်သာစေရန် ICRC သို့ အကြောင်းကြား၍ ပြုပြင်ခြင်း သို့မဟုတ် ဘတ်ဂျက်ငွေတောင်းခံ၍ ပြုပြင်ခြင်းများ ပြုလုပ်သင့်ပါသည်။

(ခ)     အိပ်ဆောင်များတွင် ခင်းထားသော ဖယောင်းပုဆိုးများ ပေါက်ပြဲနေကြောင်း တွေ့ရ သဖြင့် ယင်းဖယောင်းပုဆိုးများအား အသစ်လဲလှယ်သင့်ပါသည်။

(ဂ)     အကျဉ်းသားအင်အား များပြား ကြပ်တည်းနေသဖြင့် အကျဉ်းသားအိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

(ဃ)    ဆရာဝန်မရှိသဖြင့် လိုအပ်ချက်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တောင်းခံသင့်ပါသည်။

(င)     အိပ်ဆောင် ကော်ရစ်တာများ၌ တပ်ဆင်သွယ်တန်းထားသော မီးကြိုးများမှာ စနစ် ကျနမှုမရှိသဖြင့် ယင်းတို့အား စနစ်တကျ ပြန်လည်ပြင်ဆင် သွယ်တန်းပေးသင့် ပါသည်။

(စ)     ဆေးရုံဆောင်နှင့် ကျားအချုပ်ဆောင်တွင် မျက်နှာကျက်မရှိဘဲ ပိုးမျှင်များဖြင့် ရှုပ်ထွေးနေသောကြောင့် ရှင်းလင်းပြီး မျက်နှာကြက် တပ်ဆင်သင့်ပါသည်။

(ဆ)    အကျဉ်​ထောင် စာကြည့်တိုက်တွင် သတင်းစာနှင့် ဂျာနယ်များမရှိသဖြင့် နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များအား ထားပေးသင့်ပါသည်။

(ဇ)     မီးဖိုကြီးတွင် မီးကြိုးများကို ပလတ်စတစ်ကြိုးများဖြင့် သွယ်တန်းထားသဖြင့် ယင်း တို့ အား စနစ်တကျ ပြုပြင်သွယ်တန်းသင့်ပါသည်။

(စျ)     မီးဖိုကြီးရှိ ငပိပုံးနှင့် ပဲပုံးများတွင် ယင်ကောင်များ အုံနေခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားနိုင်သဖြင့် ရှင်းလင်းပေးသင့်ပါသည်။

(ည)    မွေးဖွားပြီး (၃) ရက်ခန့်သာရှိသေးသော ကလေးနှင့် မိခင်အား ဖြည့်စွက်အစာများ ကျွေးမွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသင့်ပါသည်။

(ဋ)     အိပ်ဆောင် (၃) ရှိ အနံ့အသက် မကောင်းမွန်သော ရေအိုင်အား အပြင်သို့ ရေ စီးဆင်းအောင်ပြုလုပ်ခြင်းသို့မဟုတ် မြေဖို့ခြင်းများ ပြုလုပ်သင့်ပါသည်။

(ဌ)     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ၁၄-၁၀-၂၀၁၆ ရက်နေ့က ခေါ်ယူ တွေ့ဆုံစစ်မေးခဲ့သော အကျဉ်းသား ၈ ဦးအနက် ထောင်ဝင်အမှတ် မခ/၁၂/၀၀၀၂၇/ က ဝေယံလင်း (ဘ) ဦးထိန်လင်းအား ကော့သောင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ သည်ဟု သိရှိရသဖြင့် ကော့သောင်းအစား ၎င်းအကျဉ်းသား၏ မိသားစုနှင့် နီးစပ် ရာ အကျဉ်းထောင်သို့ ပြန်လည်ပြောင်းရွှေ့ပေးသင့်ပါသည်။

၅။      မြင်းခြံအကျဉ်းထောင်အား ၁၄-၁၀-၂၀၁၆ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ စစ်ဆေးချက်အရ ပေးပို့ခဲ့သော အကြံပြုချက်များအပေါ် ပြုပြင်ဆောင်ရွက်ပြီးစီးမှုများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ART ဆေးသောက်နေရသည့် HIV ပိုးရှိသူများနှင့် TB ဆေးသောက် နေသူများ အား အင်အားဖြည့်စာအဖြစ် ဆေးရုံရိက္ခာ ကျွေးမွေးနေပြီကို တွေ့ရှိရပါသည်။

(ခ)     ကျန်းမာရေးမကောင်းသော အကျဉ်းသား၊ သူများအားကုသရန် မန္တလေးဗဟို အကျဉ်းထောင်မှ ဆရာဝန်တစ်ဦးအား ၈-၁၁-၂၀၁၆ ရက်နေ့မှ ၈-၁၁-၂၀၁၆ ရက်နေ့ ထိ တွဲဖက်ပေးထားပြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးကိုလည်း တစ်ပတ် ၄ ကြိမ် လာရောက် ဆေးကုသပေးနိုင်ရေးဆောင်ရွက်ပေးနေသည်ကိုတွေ့ ရှိရပါသည်။

(ဂ)     အကျဉ်းသားများအပေါ် တရားနည်းလမ်းမကျသည့် ငွေကြေးကောက်ခံခြင်းများကို လုံးဝမပြုလုပ်ရန် ဟန့်တားထားရှိကြောင်း သိရှိရပါသည်။

(ဃ)    အကျဉ်းသားများ၏ကိုယ်ပိုင်ပစ္စည်းများအား ကစ်ပုံပြသခြင်းနှင့်ပတ်သက်၍ ထောင် တာဝန်ခံအရာရှိမှ အကျဉ်းထောင်လက်စွဲနှင့်အညီ ဆောင်ရွက်လျက် ရှိသော်လည်း အကျဉ်းသားများ လိုအပ်သည်ထက်ပို၍ စိတ်ကြပ်တည်းပြီး မွန်းကြပ်မှုမရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု သိရှိရပါသည်။

(င)     အကျဉ်းသားများအပေါ် စည်းကမ်းထိန်းသိမ်းခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်း များအား တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများသည် အကျဉ်းထောင်လက်စွဲနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

(စ)     သတ်မှတ်ဝန်ထမ်းအင်အားအောက် လျော့နည်းနေသည့်အတွက် ၁၁/၂၀၁၆ လတွင် ပထမအကြိမ်အဖြစ် အကျဉ်းထောင်တပ်သား ၃ ဦး ထပ်မံဖြည့်တင်းပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။

(ဆ)    ၁၄-၁၀-၂၀၁၆ ရက်နေ့က ကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့သော အကျဉ်းသား ၈ ဦး အနက် ထောင်ဝင်အမှတ် မခ/၁၂/ ၀၀၀၂၇/က ဝေယံလင်း (ဘ) ဦးထိန်လင်းအား ကော့သောင်းအကျဉ်းထောင်သို့ ၁-၁၂-၂၀၁၆ ရက်နေ့က ပြောင်းရွှေ့လိုက်ကြောင်း သိရှိရပါသည်။

(ဇ)     အကျဉ်းသားများ၏ ကျန်းမာရေးအရ ဝယ်ယူပေးရန် တောင်းဆိုသော လိုအပ်သည့် ဆေးဝါးများအား ချက်ချင်းဝယ်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ဟု သိရှိရ ပါသည်။

(ဈ)     ထောင်ဝင်စာလာတွေ့သည့် မိသားစုများမှ ပေးခဲ့သော တစ်ကိုယ်ရေသုံးဆေးဝါးများ အား ဆရာဝန်နှင့် ကျန်းမာရေးမှူးတို့မှ စိစစ်ပြီး သုံးစွဲစေလျက်ရှိကြောင်း သိရှိရ ပါသည်။

(ည)    အကျဉ်းထောင်အတွင်း ရာသီသီးနှံစိုက်ခင်းများ စိုက်ပျိုးရန်အတွက် တာဝန်ခံ အရာရှိ၏အစီအစဉ်ဖြင့် မျိုးစေ့များအားထုတ်ပေး၍ စိုက်ပျိုးထားသည်ကို မျက်မြင် တွေ့ရှိရပါသည်။

(ဋ)     ရိက္ခာဝယ်ယူရေးအတွက် ဒုတိယတာဝန်ခံအရာရှိမှ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၃ ဦးမှ ဝယ်ယူဖြည့်တင်း၍ တာဝန်ခံအရာရှိမှ ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် အဖွဲ့ဝင် ၃ ဦးမှ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

၆။      မြင်းခြံမြို့ရှိ အချုပ်ခန်းများနှင့် ပတ်သက်သည့် အကြံပြုချက်များ-

(က)    မြင်းခြံမြို့မ ရဲအချုပ်ခန်း၊ မအချုပ်ခန်း၌ အိမ်သာမရှိသဖြင့် အိမ်သာဆောက်လုပ် ပေးသင့်ပါသည်။

(ခ)     မြင်းခြံမြို့မ ရဲအချုပ်ခန်း၏ ဝင်ပေါက်သည်အမြင့် ၄ ပေခွဲသာရှိသေးသဖြင့် ၆ ပေ အမြင့် ပြင်ဆင်သွားသင့်ပါသည်။

(ဂ)     မြင်းခြံမြို့နယ် တရားရုံးအချုပ်ခန်းသည် တရားရုံးနှင့်ဝေးကွာနေသဖြင့် အတူ တွဲဖက်တည်ဆောက်ထားသင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ    ၂၇    ရက်