မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ်( ၁၀/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် အင်းစိန်ဗဟိုအကျဉ်းထောင်အား ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။       အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်တွင် English 4 Skills သင်တန်းဖွင့်လှစ်ရန်အတွက် သင်ထောက်ကူ ပစ္စည်းများလိုအပ်လျက်ရှိကြောင်းသတင်းပို့တင်ပြသဖြင့်ဖြည့်ဆည်းပေးသင့်ပါသည်။

(ခ)     အကျဉ်းထောင်တွင်း ရေမြောင်းများကို ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက် သင့်ပါသည်။

(ဂ)     တင်ပဆုံရိုးနှင့် ခါးရိုးနာနေသည့် အကျဉ်းသား တစ်ဦးကို ဆေးရုံတင်၍ လိုအပ်သလို ကုသမှုပေးသင့်ပါသည်။

(ဃ)    သာယာဝတီဗဟိုအကျဉ်းထောင်မှကျန်းမာရေးမကောင်း၍ ပြောင်းရွှေ့လာသူအကျဉ်း သားတစ်ဦးမှာ တင်ပဆုံရိုးပြုတ်နေကြောင်း သတင်းပို့သဖြင့်လိုအပ်သလို ကုသမှု ပေးသင့်ပါသည်။

(င)     အကျဉ်းသား တစ်ဦးမှာ ညာဘက်မျက်လုံး သေချာစွာ မမြင်ရကြောင်းနှင့် ခွဲစိတ် ကုသလိုကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို ကုသမှုပေးသင့်ပါသည်။

(စ)     ထောင်ဝင်စာ တွေ့ဆုံရန် တန်းစီစောင့်ဆိုင်းရသူများအတွက် နေမပူစေရန် အမိုး ဆောက်လုပ်ပေးထားသင့်ပါသည်။

(ဆ)    သီးသန့်(အကျဉ်းထောင်) တွင် မိလ္လာအနံ့ ထွက်နေသဖြင့် အနံ့ပျောက်ကင်းစေရေး ဆောင်ရွက် သင့်ပါသည်။

(ဇ)     ကျန်းမာရေးစစ်ဆေးစဉ် သည်းခြေတွင် ကျောက်တွေ့သည့် အကျဉ်းသူတစ်ဦးကို လိုအပ်သလို ကုသမှု ပေးသင့်ပါသည်။

(ဈ)     ကျန်းမာရေး စစ်ဆေးစဉ် ကင်ဆာလက္ခဏာ ပြနေသည့် အကျဉ်းသူ တစ်ဦးကို လိုအပ် သလို ကုသမှုပေးသင့်ပါသည်။

(ည)    သေဒဏ်ကျတိုက်ရှိ အကျဉ်းသားများက သတင်းစာ၊ ဂျာနယ်၊ သုတ၊ ရသစာပေများ ဖတ်ရှုလိုကြောင်း သတင်းပို့တင်ပြကြသဖြင့် လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။

(ဋ)     သေဒဏ်တိုက်များတွင် တစ်ရက်လျှင် လမ်းလျှောက်ချိန် ၁ နာရီသာရရှိကြောင်း တင်ပြကြသဖြင့် လမ်းလျှောက်ချိန် ပိုပေးသင့်ပါသည်။

(ဌ)     အင်းစိန်ဗဟိုအကျဉ်းထောင်သည် လူဦးရေအများဆုံးကို ထိန်းသိမ်းထားရသော်လည်း တာဝန်ခံအရာရှိမှ အကျဉ်းသား/အချုပ်သားများ၏ လိုအပ်ချက်ကိုအချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနိုင်ခြင်း၊ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စများကို လိုအပ်မှု မရှိစေရန် ဆောင်ရွက်ပေးမှုတို့ကြောင့် အခြားထောင်များကဲ့သို့ ဆူပူမှု မရှိကြောင်း နှစ်ကြီး အကျဉ်းသားများနှင့် တစ်ဦးချင်းတွေ့ဆုံသည့် အကျဉ်းသား/အချုပ်သားများ တင်ပြချက် အရ သိရှိရသဖြင့် တာဝန်ခံအရာရှိ၏ စီမံခန့်ခွဲမှုကိုမှတ်တမ်းတင်ထားသင့်ပါသည်။

(ဍ)     မိသားစုနှင့်အဆက်အသွယ်မရရှိသေးသည့် နိုင်ငံခြားသား အကျဉ်းသား ဗြိတိန်နိုင်ငံ သားနှင့် ကင်မရွန်းနိုင်ငံသားအကျဉ်းသားများကို မိသားစုနှင့် အဆက်အသွယ် ရရှိရေး  နိုင်ငံသံရုံးများမှတစ်ဆင့် အကြောင်းကြားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညိှနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။

(ဎ)     ဗြိတိန်နိုင်ငံသားအချုပ်သား တစ်ဦးထံမှ သိမ်းဆည်းထားသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ သက်ဆိုင်ရာမှ ပြန်လည်တောင်းခံပြီး အချုပ်သားမှ လိုအပ်သည့်အခါ အကျဉ်းထောင် အစီအစဉ်ဖြင့် ကြပ်မတ် ဆောင်ရွက်ပေးသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇  ရက်