၁။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တရားရုံးတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာဥပဒေနှင့် ရာဇသတ်ကြီးဥပဒေပါသက်ဆိုင်ရာပုဒ်မများအရ တရားစွဲဆိုခြင်း ခံနေရသော ကိုနိုင်ရဲဝေ၊ တတိယနှစ်(Biochemistry)၊ ကိုဂျစ်တူး၊ တတိယနှစ် (Microbiology)၊ ကိုအောင်ဆန်းဦး၊ စတုတ္ထနှစ် (ရူပဗေဒ) နှင့် ကိုဉာဏ်လင်းထက်၊ စတုတ္ထနှစ် (သင်္ချာ) တို့သည် ရတနာပုံတက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ၎င်းတို့အား မန္တလေးဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထား ရှိကြောင်း၊ ၎င်းတို့က စာမေးပွဲဖြေဆိုရန် ရှိသည့်အတွက် အချုပ်လွတ်ထုချေခွင့် အာမခံလျှောက်ထားခဲ့ရာ အမရပူရမြို့နယ်တရားရုံးက အာမခံမပေးဘဲ ပယ်ချခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြချက်များအရ သိရှိရပါသည်။
၂။ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်းမြို့၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ပါဝင်ပတ်သက်ခဲ့သည့် ဆန္ဒပြကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းရံသူများကို မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း၍ သာယာဝတီ မြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ရာတွင် အချို့ကျောင်းသားများကို အာမခံပေး၍ အချုပ်လွတ်ထုချေခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
၃။ ထို့ကြောင့် ရတနာပုံတက္ကသိုလ်မှ အထက်ပါကျောင်းသားများ၏ပညာသင်ကြားမှု အခွင့်အ ရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ၎င်းတို့၏လျှောက်ထားချက်ကို အလေးထားစဉ်းစား ပေးသင့်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၁၁ – ၉ – ၂၀၁၅