၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် ( ၁၅/၂၀၁၆)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် နိုင်ငံတကာ အသိုက် အဝန်း နှင့်အတူ ဤသမိုင်းဝင်နေ့ထူးနေ့မြတ် အခါသမယကို ဂုဏ်ပြုဆင်နွှဲအပ်ပါသည်။

၂။      ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကမ္ဘာသူကမ္ဘာသားများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ အတွက် အရေးပါသော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တစ်နှစ်တာကာလအတွင်း လူ့အခွင့်အရေး မြှင့်တင် ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ချက်များကို သုံးသပ်ဖေါ်ပြရန် အသင့်လျော်ဆုံး အချိန် လည်းဖြစ်ပါသည်။

၃။      ၂၀၁၆ ခုနှစ်အတွင်း၌ ကော်မရှင်သည် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ် (South East Asia National Human Rights Institutions Forum – SEANF) ၏၂၀၁၆ ခုနှစ် အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဖိုရမ်၏ လုပ်ငန်းအဖွဲ့ အစည်းအဝေး (၂) ကြိမ်၊ ဖိုရမ် အထူး အစည်းအဝေး (၂) ကြိမ် နှင့် ဖိုရမ်၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတစ်ကြိမ်ကို အောင်အောင်မြင်မြင် တာဝန်ယူကျင်းပနိုင်ခဲ့ပါသည်။ ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးအပြီးတွင် သက်ကြီးရွယ်များအခွင့်အရေးနှင့် စပ်လျဉ်းသည့် ဖိုရမ်၏ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ကော်မရှင်သည် အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် အပြင်  ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions)၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့ အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) တို့နှင့် လည်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကော်မရှင်သည် အခြားသော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော OHCHR နှင့် LWF တို့နှင့် ပူးပေါင်း၍ “လူနည်းစုများအခွင့်အရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ” (၁) ကြိမ်နှင့် “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ် နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေး ပွဲ (၁) ကြိမ်တို့ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

၄။      ကော်မရှင်သည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုရန်အတွက် အစိုးရအား အကြံပြုတိုက်တွန်း ခဲ့ပါသည်။ ထို့ပြင် အာဆီယံအဖွဲ့အစည်းမှ ပြဌာန်းခဲ့သည့် လူ့အခွင့်အရေးကွန်ဗင်းရှင်း တစ်ရပ် ဖြစ်သော ASEAN Convention Against Trafficking in Persons, Especially Women and Children ကို ကော်မရှင်အနေဖြင့် သေချာစွာလေ့လာပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ၂၀၁၆ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး  အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးတွင် ဖိုရမ်အဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ယင်းကွန်ဗင်းရှင်းကို ပါဝင်ချုပ်ဆိုရန် အစိုးရအား အကြံပြုတိုက်တွန်းခဲ့ပါသည်။

၅။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးကာကွယ်ရေး လုပ်ငန်းအဖြစ် တိုင်တန်းချက်များကို ကိုင်တွင်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ လက်ခံရရှိသော တိုင်ကြားစာပေါင်း ၄၉၅ စောင်ကျော်ကို စိစစ်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ တိုင်ကြားစာ အချို့နှင့် ပတ်သက်၍လည်း လိုအပ်သကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။  ကော်မရှင်သည် ၂၀၁၆ ခုနှစ်အတွင်းတွင် ခန္တီး မြို့ရှိ အကျဉ်းထောင်နှင့် ရဲအချုပ်ခန်း၊ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်နှင့် ရဲအချုပ်ခန်း၊ မြစ်ကြီးနား မြို့ရှိ အကျဉ်းထောင်၊ ရဲအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့တို့ရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများ၊ တောင်ငူမြို့ရှိ အကျဉ်းထောင်နှင့် ကျောက်ထုတ်လုပ်ရေးစခန်း၊ ရဲအချုပ်ခန်း၊ ကသာ မြို့ရှိ အကျဉ်းထောင်နှင့် ရွှေဘိုမြို့ ရှိ အကျဉ်းထောင်၊ မြင်းခြံ အကျဉ်းထောင်၊ တိုက်ကြီးမြို့နယ် ရှိ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးစခန်းနှင့် မှော်ဘီမြို့နယ်ရှိ ရဲအချုပ်ခန်းတို့ကို သွားရောက် စစ်ဆေးခဲ့ပြီး ကော်မရှင်၏အကြံပြုချက်များနှင့်အတူ ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ပါသည်။ လက်ရှိ အချိန်တွင် ကော်မရှင်၏ တိုင်တန်းချက်များ ကိုင်တွယ်ဆောင်ရွက်ရန်အတွက် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute for Human Rights and Humanitarian Law (RWI) နှင့် ပူးပေါင်း၍ Computerized Complaint Handling System တစ်ရပ်ထူ​ထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိ ပါသည်။

၆။      လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်သည် ၂၀၁၆ ခုနှစ်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း (၂၀)မြို့နယ်တွင် အောက်ခြေ အဆင့်လူ့အခွင့်အရေးအသိပညာပေး ဟောပြောပွဲများ၊ မြို့နယ်အသီးသီးရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးအသိပညာပေး အလုပ်ရုံသင်တန်းများကို ကျင်းပခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၇) ကြိမ်နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ် နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်းများရှိ တပ်မတော်အရာရှိသင်တန်းများတွင် လူ့အခွင့်အရေး ဘာသာရပ်များကို သွားရောက်ပို့ချခဲ့ပါသည်။ ကော်မရှင်သည် ၂၀၁၆ ခုနှစ်အတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တို့၌ နိုင်ငံ့ဝန်ထမ်းများအတွက် ဖွင့်လှစ်သော အရာရှိသင်တန်းများ တွင်လည်း လူ့အခွင့်အရေး ဘာသာရပ်များ ပို့ချခဲ့ပါသည်။ ကော်မရှင်သည် Raoul Wallenberg Institute (RWI) နှင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အကျဉ်းထောင်များမှ အကျဉ်းဦးစီးဌာန ဝန်ထမ်းများအတွက် လူ့အခွင့်အရေး အသိပညာပေး အလုပ်ရုံသင်တန်းများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်