၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက် သော နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက် အမှတ် (၁၆/၂၀၁၅)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ကျရောက်သော နိုင်ငံတကာလူ့အခွင့်အရေးနေ့အခါသမယတွင် နိုင်ငံတကာအသိုက်အဝန်း နှင့်အတူ ဤသမိုင်းဝင်နေ့ရက်ကို ဂုဏ်ပြု ဆင်နွှဲအပ်ပါသည်။

၂။      နိုင်ငံတကာလူ့အခွင့်အရေးနေ့သည် ကမ္ဘာသူကမ္ဘာသားများနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများအတွက် အရေးပါသော နေ့တစ်နေ့ ဖြစ်ပါသည်။ ယင်းကဲ့သို့ အရေးပါသော အခါသမယတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် တစ်နှစ်တာကာလ အတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကို သုံးသပ်ဖော်ပြရန် အသင့်လျော်ဆုံးအချိန်ဖြစ်ပါသည်။

၃။      ၂၀၁၅ ခုနှစ်အတွင်း၌ ကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်၊ ပဲခူး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများ၊ နေပြည်တော်ကောင်စီ နှင့် ချင်းပြည်နယ်တို့အတွင်းရှိ မြို့နယ်ပေါင်း(၃၁)မြို့နယ်တွင် အောက်ခြေအဆင့် လူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲများနှင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးအသိပညာပေး အလုပ်ရုံ သင်တန်းများကို ကျင်းပခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး(၃)ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ရှိ ဝန်ထမ်းများအား လူ့အခွင့်အရေး ဆိုင်ရာအသိပညာများ ဖြန့်ဝေရန်အတွက် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်၍ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပခဲ့ပါ သည်။

၄။      ကော်မရှင်သည် ၂၀၁၅ ခုနှစ်အတွင်းတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)နှင့် ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တို့၌ နိုင်ငံ့ဝန်ထမ်းများအတွက် ဖွင့်လှစ်သော သင်တန်း (၂၃)ခုတွင် လူ့အခွင့်အရေး ဘာသာရပ်များကို သွားရောက်ပို့ချခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင်လည်း လူ့အခွင့်အရေး ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ကော်မရှင်သည် ပြည်သူလူထုအား လူ့အခွင့် အရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းကို မြန်မာဘာသာအပြင် ကချင်၊ မွန် နှင့် ရှမ်း ဘာသာစကားများသို့ ဘာသာ ပြန်ဆို၍ ဖြန့်ဝေခဲ့ပါသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်း၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် ၂၆ ပညာသင်ကြားပိုင်ခွင့်နှင့် ပတ်သက်၍ ရုပ်သံ ဇာတ်လမ်းတို ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။

၅။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးကာကွယ်ရေး လုပ်ငန်း အဖြစ် တိုင်တန်းချက် များကို ကိုင်တွယ်ဆောင်ရွက် လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ လက်ခံရရှိသော တိုင်ကြားစာပေါင်း ၁၂၀၀ ကျော်ကို စိစစ်၍ လုပ်ထုံးလုပ်နည်း နှင့်အညီဆောင်ရွက်ခဲ့ပါသည်။ တိုင်ကြားစာအချို့နှင့် ပတ်သက်၍လည်း ကွင်းဆင်းစစ်ဆေးမှုများ လည်း ပြုလုပ်ခဲ့ပါသည်။

၆။      ၂၀၁၅ ခုနှစ်အတွင်း ကော်မရှင်သည် အင်းစိန်ဗဟိုအကျဉ်းထောင်၊ စစ်တွေမြို့နှင့် ဘူးသီး တောင်မြို့များရှိ အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းများ၊ မိုင်းဆတ်မြို့ရှိ အကျဉ်းထောင်၊ မန္တလေး၊ နောင်ချို၊ သီပေါနှင့် လားရှိုးမြို့များရှိ အကျဉ်းထောင်နှင့် အလုပ်စခန်းများ၊ ကော့သောင်းမြို့နှင့် မြိတ်မြို့များရှိ အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းများအား သွားရောက်စစ်ဆေးခဲ့ပြီး ကော်မရှင်၏ အကြံပြုချက်များနှင့်အတူ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် သာယာဝတီအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသော ဆန္ဒပြကျောင်းသူကျောင်းသားများ၊ ဝန်းရံ သူများ၏ လူ့အခွင့်အရေးအခြေအနေကို စစ်ဆေးရန်အတွက် ကော်မရှင်မှ အဖွဲ့တစ်ဖွဲ့ သွားရောက်စစ်ဆေးခဲ့ပြီး ကော်မရှင်၏အကြံပြုချက်များနှင့်အတူ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အကျဉ်းထောင်၏ အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ရေး အတွက် ကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ပါသည်။ ထို့ပြင် အကျဉ်းထောင်အက်ဥပဒေအရ တရားစွဲဆိုခြင်းခံထားရသူများနှင့် ပတ်သက်၍လည်း သက်ညှာစွာ စဉ်းစားပေးသင့်ပါကြောင်း အကြံပြုတိုက်တွန်းခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ်မှ ဖမ်းဆီးထိန်းသိမ်း ခြင်းခံရသော ဆန္ဒပြကျောင်းသား ၄ ဦးက စာမေးပွဲဖြေဆိုရန်အတွက် အချုပ်လွတ် ထုချေခွင့် အာမခံလျှောက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ကော်မရှင်က သတင်းထုတ်ပြန်ရာတွင် အထက်ပါ ကျောင်းသားများ၏ ပညာသင်ကြားမှုအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် ၎င်းတို့၏ လျှောက်ထားချက်ကို အလေးထားစဉ်းစားသင့်ပါကြောင်းအကြံပြုတိုက်တွန်းခဲ့ပါသည်။ လက်ပံတန်းမြို့၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆန္ဒပြသော သပိတ်စစ်ကြောင်းအား ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့မှုနှင့်ပတ်သက် သည့်ကိစ္စကို ကော်မရှင်က စုံစမ်းစစ်ဆေး၍ ကော်မရှင်၏ အကြံပြုချက်များနှင့်အတူ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကဲ့သို့ ထုတ်ပြန်ရာ၌ အဓိကရုဏ်းဖြစ်ပွားရာတွင် နည်းလမ်းတကျ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိသော ရဲတပ်ဖွဲ့ဝင်များအား ထိုက်သင့်သလို အရေးယူသင့်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

၇။      ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာလိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အထွေထွေ ရွေးကောက်ပွဲကို ကြိုဆိုသောအားဖြင့် အကျဉ်းထောင် များရှိ နိုင်ငံရေးအကျဉ်းသားများအနက် ဒီမို ကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် ငြိမ်းချမ်းစွာ ပါဝင်ဆောင်ရွက်နိုင် သူများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခြင်း၊ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်တောင်းဆိုဆန္ဒပြခဲ့ သည့် ထိန်းသိမ်းခံကျောင်းသူကျောင်းသားများနှင့် ဝန်းရံပြည်သူများကို သက်ညှာစွာစဉ်းစားပေး ခြင်းတို့ ဆောင်ရွက် ပေးမည်ဆိုပါက ၎င်းတို့သည် အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်စွာပါဝင် ဆင်နွှဲခွင့် ရရှိနိုင်မည်ဖြစ်သဖြင့် အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၊ ထိန်းသိမ်းခံကျောင်းသူ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးရေးအတွက် စဉ်းစားပေးပါရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံတင်ပြခဲ့ပါ သည်။

၈။      လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်းသည့် ဟောပြောပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းသည် ကော်မရှင်၏ အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် လူ့အခွင့်အရေး နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများအနက် အရေးကြီးသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်မှာ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါ သည်။ ၎င်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဧပြီလ နှင့် စက်တင်ဘာလများတွင် နေပြည်တော်၌ ကော်မရှင် နှင့် UN Women အဖွဲ့တို့ ပူပေါင်းကျင်းပ၍ အလုပ်ရုံဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် အုပ်ချုပ်မှုကဏ္ဍများ၌ အမျိုးသမီးများ၏ ခေါင်းဆောင် မှု မြှင့်တင်ပေးရန် အကြံပြုတိုက်တွန်းချက် ပါဝင်ပါ သည်။

၉။      ကော်မရှင်သည် အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (SEANF) နှင့် အာရှ-ပစိဖိတ်ဒေသ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF) ကဲ့သို့ ဒေသအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် ဒေသအဆင့်၌ ကော်မရှင်၏ ပူးပေါင်း ဆောင်ရွက်မှုသည် ခိုင်မာအားကောင်းလျက်ရှိပါသည်။ ကော်မရှင် ဥက္ကဋ္ဌသည် အဖွဲ့ဝင် တစ်ဦး လိုက်ပါလျက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မွန်ဂိုလျားနိုင်ငံတွင် ကျင်းပ သော APF ၏ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ပါဝင် တက်ရောက်ခဲ့ပါသည်။ ယင်းအစည်းအဝေးတက်ရောက်စဉ်အတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မွန်ဂိုလျားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တစ်ဦးတို့သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက် နေ့အထိ မလေးရှားနိုင်ငံ၌ ကျင်းပသော (၁၂)ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် SEANF အတွင်းရေးမှူးချုပ်ရုံးဖွင့်လှစ်ရေးကိစ္စ အပါအဝင် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၂၀၁၆ ခုနှစ်၊ အရှေ့တောင် အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများဖိုရမ်၏ ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌထံမှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက လွှဲပြောင်းရယူခဲ့ပါသည်။

၁၀။    ကော်မရှင်သည် အခြားအမျိုးသားလူ့အခွင့်အရေးကော်မရှင်များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဝန်ထမ်း (၆) ဦးသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ လာရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဝန်ထမ်း (၁၅)ဦး ကလည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်ကာ လူ့အခွင့်အရေးဆောင်ရွက်မှုများကို လေ့လာခဲ့ပါသည်။

၁၁။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေတွင် ပါရှိသည့် သတ်မှတ်ပြဋ္ဌာန်းချက် များနှင့်အညီ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လူ့အခွင့်အရေးနေ့အခါသမယတွင် သန္နိဋ္ဌာန်ပြု ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်