၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁ဝ)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက် (၈/၂ဝ၁၂)

၁။    လူသားအားလုံးနှင့်သက်ဆိုင်သည့် အရေးအကြီးဆုံးကြေညာချက်တစ်ရပ်ဖြစ်သော နိုင်ငံ တကာလူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ (၁ဝ)ရက်နေ့တွင် အတည်ပြု ချမှတ်ခဲ့ပြီး အဆိုပါနေ့ကို နိုင်ငံတကာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သည် နိုင်ငံတကာလူ့အခွင့်အရေးအသိုက်အဝန်းနှင့်အတူ ဤ နေ့ထူးနေ့မြတ်အခါသမယကို ပါဝင်ဆင်နွှဲပါသည်။
၂။    ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပါရီမြို့၌ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုချမှတ်ရန် နိုင်ငံအမည်ခေါ်၍ မဲခွဲဆုံးဖြတ်စဉ် မြန်မာနိုင်ငံသည် ပထမဆုံးထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်းကို မိမိတို့ ကော်မရှင်အနေဖြင့် ဂုဏ်ယူသတိရ လျက်ရှိပါသည်။ ကြေညာချက်က အသိအမှတ်ပြုထားသော လူသားတို့၏ မွေးရာပါဂုဏ်သိက္ခာတန်ဖိုးကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ရရှိ ထားသည့်အတွက် ကော်မရှင်အနေဖြင့် အားရကျေနပ်မိပါသည်။ အမှန်အားဖြင့် လူ့ဂုဏ်သိက္ခာကို လေးစားမှုမရှိခြင်းကြောင့်သာ ကမ္ဘာပေါ်ရှိနေရာ ဒေသအားလုံးတွင် လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ပေါ်ပေါက်နေရခြင်းဖြစ်သည်။
၃။    ယနေ့သည် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် လွန်ခဲ့သည့် နှစ်အတွင်း ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ရှေ့လုပ်ငန်း စဉ်ကို ချပြရန် အသင့်လျော်ဆုံးအခါသမယဖြစ်ပါသည်။
၄။     လူ့အခွင့်အရေး ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်သည် ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာ လ မှ ၂ဝ၁၂ခုနှစ်၊ နိုဝင်ဘာလအထိ လက်ခံရရှိခဲ့သော တိုင်တန်းချက်ပေါင်း သုံးထောင်ကျော်အနက် အများစုကို စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ” ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ များ အပါအဝင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသား မေတ္တာရပ်ခံခြင်းနှင့် သတင်းထုတ်ပြန်ခြင်းတို့ကို ကော်မရှင်က ဆောင်ရွက်ခဲ့ခြင်းသည် ထောင်ပေါင်းများစွာသော အကျဉ်းသားများကို လွတ်မြောက် စေခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတရုံး သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည့်အတိုင်းကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စ စိစစ် ရေးအတွက်လည်း ထင်သာမြင်သာရှိသည့် လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် အစီအမံတစ်ရပ်ကို ဖြစ်ထွန်းစေခဲ့ပါသည်။ ထိုသို့လွတ်မြောက်လာသော အကျဉ်းသားအချို့သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိနေကြခြင်းအတွက်လည်း ကော်မရှင်ကအားရကျေနပ်မိ ပါသည်။ ကော်မရှင်၏ လူ့အခွင့် အရေးကာကွယ်ရေးလုပ်ငန်းအတွေ့အကြုံများအရ နိုင်ငံတော်အစိုးရနှင့် အခြားသက်ဆိုင် သူများ၏ ပူးပေါင်း ဆောင်ရွက်မှု သည်အရေးပါကြောင်းထင်ရှား ပေါ်လွင်စေပါသည်။
၅။    လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများ လူ့အခွင့်အရေး ပညာပေးရေးကို အထူးပြုဆောင်ရွက်နေသော အခြားအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲများမှ ထူးခြားသည့်ရလဒ်တစ်ခုအဖြစ် အခြေခံပညာနှင့် အဆင့်မြင့် ပညာသင်ရိုးများတွင် လူ့အခွင့်အရေးဘာသာရပ်ကို အလေးထားသင်ကြားပေးနိုင်ရေး လုပ်ငန်း စဉ်ကို အစပျိုးနိုင်ခဲ့ပါသည်။
၆။    ပေးအပ်ထားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်သည် ဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ခိုင်မြဲသော ဆက်ဆံရေး တည်ဆောက်နိုင် ခဲ့ပါသည်။ ကော်မရှင်သည် ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ တင်းပြည့်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂ဝ၁၂ခုနှစ်၊ နိုဝင်ဘာလတွင် အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ တွဲဖက် အဖွဲ့ဝင်အဖြစ် လည်းကောင်း အသိအမှတ်ပြုခံခဲ့ရပါသည်။ သို့ဖြစ်ရာကော်မရှင်သည် ဒေသတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ၄င်းဒေသဆိုင်ရာ အဖွဲ့အစည်း များနှင့် ထိရောက် စွာ ပူးပေါင်းဆောင်ရွက်လာနိုင်ပြီဖြစ်ပါသည်။
၇။    ကော်မရှင်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို သက်ဆိုင် ရာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲပြီး နိုင်ငံတော်သမ္မတထံ တင်ပြထားပါသည်။ ထို့နောက် ကော်မရှင် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူ ရန် ရှိပါသည်။ ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးပါက ကော်မရှင်သည် ၄င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၈။    ကော်မရှင်၏ ၂ဝ၁၃ခုနှစ် နှင့် ရှေ့လုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့် အရေးဆက်နွှယ်မှုဘာသာရပ်၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်တို့ကဲ့သို့သော အရေးကြီးသည့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် ကိစ္စများပါဝင်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများသည် လူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ပါသည်။ ထို့အပြင် ရေရှည်စီမံချက်အဖြစ် အရေးကြီးသော လူ့အခွင့်အရေးစာရွက်စာတမ်းများကို အများပြည်သူသိရှိစေရန် မြန်မာဘာသာသို့ ပြန်ဆို ခြင်းလုပ်ငန်းကို ၂ဝ၁၃ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။
၉။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၃၄/၂ဝ၁၁ နှင့် အထက်ဖော်ပြပါ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတွင် ဖော်ပြပါရှိသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များသည် ကော်မရှင်ကို ကြီးမားသော တာဝန်တစ်ရပ်အဖြစ် ယုံကြည်စွာ အပ်နှင်းခြင်းဖြစ်ပါသည်။ အဆိုပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် ကော်မရှင်အတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက် မှုလိုအပ်ပါသည်။ ယင်းကဲ့သို့ပင် ပူးပေါင်းဆောင်ရွက်မှု မရရှိပါက လူသားတို့၏ မွေးရာပါ ဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေး နေဦးမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်