သတင်းမီဒီယာသမား နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ်စဉ် ( ၁၄/ ၂၀၁၇)

၁။      ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့ တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ဝင်များထံမှ ရရှိခဲ့သည့် လုံခြုံရေးဆိုင်ရာ အရေးကြီး စာရွက်စာတမ်း အထောက်အထားများနှင့်တကွ တွေ့ရှိခဲ့သော ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ဦးအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၌ ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့နှစ်ဦးအား ထောက်ကြန့်နယ်မြေ ရဲစခန်း (ပ) ၁၂၉၈/ ၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းများအရ သိရှိရပါသည်။

၂။      အဆိုပါ သတင်းထောက်နှစ်ဦးအား မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြောင်း၊ မည်သည့် နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း၊ ၎င်းတို့အပေါ် စွပ်စွဲချက်များကို ခုခံချေပ ဖြေရှင်းနိုင်ရေးအတွက် ရှေ့နေနှင့် တွေ့ဆုံခွင့် မရရှိကြောင်း ကော်မရှင်သို့ တိုင်တန်းချက်အရ သိရှိရပါသည်။

၃။      သို့ဖြစ်ပါ၍ ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိရေးတို့အပါအဝင် ၎င်းတို့ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်