သတင်းမီဒီယာသမား ၃ ဦးအရေးယူခံရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် (၇/၂၀၁၇)

၁။      ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်  ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် တစ်ဦးနှင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ သတင်းထောက် နှစ်ဦးတို့အားTNLA လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လားရှိုးမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရပါသည်။အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများကသတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖောက်ဖျက်ရာရောက်ကြောင်း ရေးသားဖော်ပြကြ ပါသည်။

၂။      ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အရေးယူခံရသူများသည် သတင်းမီဒီယာသမားများဖြစ်သဖြင့် ၎င်းတို့၏ သတင်းရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားရန်နှင့် ယခုအချိန်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖော်ဆောင်နေသော အချိန်ကာလဖြစ်သည်ဆိုသည့်အချက်ကိုလည်း ထည့်သွင်း စဉ်းစားရန် သင့်မြတ်မည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယူဆပါသည်။

၃။      အဆိုပါ သတင်းမီဒီယာသမားများအား ထိန်းသိမ်းထားစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရန်၊ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ပြုရန်၊မိသားစုနှင့် တွေ့ဆုံခွင့်ပြုရန်နှင့် တရားရင်ဆိုင်သည့်အခါတွင် ရှေ့နေငှားရမ်းခွင့်နှင့် တိုင်ပင်ခွင့်ပြုရန်စသည့် ၎င်းတို့၏ အခြေခံအခွင့်အရေးများအား ခံစားခွင့်ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်