သတင်းထုတ်ပြန်ချက်အမှတ် ( ၁၄/၂၀၁၅)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နှင့် မြိတ်မြို့များတွင် တည်ရှိသော အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နှင့် မြိတ်မြို့များတွင်တည်ရှိသော အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းများအား ၇-၁၀-၂၀၁၅ နေ့မှ ၉-၁၀-၂၀၁၅ နေ့အထိ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      စစ်ဆေးတွေ့ရှိချက်များမှာ –

(က)    မြိတ်အကျဉ်းထောင်တွင် အကျဉ်းသားဝင်ဆံ့သည့်အင်အားထက် ကျော်လွန်နေကြောင်း၊ အကျဉ်းသားအိပ်ဆောင်အချို့တွင် ထပ်ခိုးများပြုလုပ်ထားကြောင်း၊ နေရာထိုင်ခင်း ကြပ်တည်းမှုရှိကြောင်း တွေ့ရှိရပါသည်။

(ခ)     ကော့သောင်းအကျဉ်းထောင်နှင့် မြိတ်အကျဉ်းထောင်တို့တွင် နေသား ၁၄ နှစ်ကျော် လွန်နေသော အကျဉ်းသားများကို တွေ့ရှိရပါသည်။

(ဂ)     ကော့သောင်းအကျဉ်းထောင်တွင် ကျန်းမာရေးဝန်ထမ်း ၂ ဦးသာရှိ​ကြောင်း၊ မြိတ် အကျဉ်းထောင်တွင် ဆရာဝန်ရှိသော်လည်း သူနာပြုနှင့်သားဖွား မရှိကြောင်း တွေ့ရှိ ရပါသည်။

(ဃ)    အကျဉ်းထောင် ၂ ခုလုံးတွင် ဗဟိုဆေးသိုလှောင်ရေးဌာန (CMSD) မှ ဆေးဝါးများ လုံလောက်စွာမရရှိကြောင်း တွေ့ရှိရပါသည်။

(င)     အကျဉ်းထောင် ၂ ခုလုံးတွင် ဝေးလံသောအရပ်ဒေသများမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို တွေ့ရှိရပါသည်။

(စ)     အကျဉ်းထောင် ၂ ခုလုံးတွင် နွေရာသီ၌ သုံးရေရှားပါးလျော့နည်းလေ့ရှိကြောင်း သိရှိ ရပါသည်။

(ဆ)      အကျဉ်းထောင် ၂ ခုလုံး၌ နေသား ၁၄ နှစ်အထက် ကျော်လွန်နေသော အကျဉ်းသားများ ကို တွေ့ရှိရပါသည်။

( ဇ)    အချို့အကျဉ်းသား/အကျဉ်းသူများအနေဖြင့် သတ်မှတ်ဝတ်စုံကို သတ်မှတ်အချိန်ကာ လအတွင်း မရရှိသေးကြောင်း သိရှိရပါသည်။

(စျ)     ကော့သောင်းမြို့မရဲစခန်းအချုပ်ခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ချိုးဖောက် သဖြင့်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးရာတွင် ပြန်လည် ခုခံသော အချုပ်သား ၁ ဦး၏မျက်နှာ၌ ဖူးရောင်ပေါက်ပြဲဒဏ်ရာများရှိနေကြောင်း၊ ၎င်းသည် စစ်ဆေးသည့်နေ့ နံနက်ကမှ ချုပ်နှောင်ခြင်း ခံရကြောင်း သိရှိရပါသည်။

(ည)    မြိတ်မြို့မရဲစခန်းနံရံပေါ်ရှိ Board ၌ အချုပ်သားကျွေးမွေးစရိတ်မှာ နောက်ဆုံးအခြေ အနေနှင့် ကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

အကြံပြုတိုက်တွန်းချက်များ

၃။      ကော့သောင်းအကျဉ်းထောင်

(က)    တစ်နိုင်ငံလုံးတွင် အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ လူငယ်အကျဉ်းသားများကို ဗဟို အကျဉ်းထောင် ၃ ခုတွင်သာ လက်ခံထိန်းသိမ်းနိုင်ပါသည်။ ပြစ်မှုကျူးလွန်သူ လူငယ် များ များပြားလာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာ မြို့များရှိ အကျဉ်းထောင်များတွင် လူငယ်အကျဉ်းသားများကို ထားရှိထိန်းသိမ်းနိုင်ရန် သီးခြား အိပ်ဆောင်များ ဆောက်လုပ်ခြင်း၊ Vocational Training များ ဖွင့်လှစ်ပေးခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ပေးသင့်ပါသည်။

( ခ)    ဖွဲ့စည်းပုံအတိုင်း ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်နိုင်ရေး၊ အထူးသဖြင့် ဆရာဝန် ခန့်အပ်ထားရှိနိုင်ရေး ဦးစားပေးဆောင်ရွက်သင့်ပါသည်။

( ဂ)    စာကြည့်တိုက်တွင် ပညာရေး၊ ကျန်းမာရေးနှင့် အသိပညာဗဟုသုတ တိုးတက်မြင့်မား ရေးဆိုင်ရာ စာအုပ်စာတမ်းများကို တိုးချဲ့ထားရှိသင့်ပါသည်။

(ဃ)    အကျဉ်းထောင်ဆေးရုံများတွင် ဗဟိုဆေးသိုလှောင်ရေးဌာန (CMSD) မှ ထုတ်ပေးသော ဆေးဝါးများ ရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါ သည်။

( င)    နေသား ၁၄ နှစ် ကျော်လွန်နေသော အကျဉ်းသူ ၁ ဦး၏ပြစ်ဒဏ်နှင့်ပတ်သက်၍ အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ စဉ်းစားသုံးသပ်နိုင်ရန်အတွက် ဆောင်ရွက်ပေး သင့်ပါသည်။

( စ)    အကျဉ်းသား ၆၀ ကျော်တို့၏နေရပ်လိပ်စာမှာ ကော့သောင်းခရိုင်အတွင်းမှ မဟုတ်ဘဲ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှဖြစ်၍ အကျဉ်းသားပြောင်းရွှေ့မှုများရှိပါက နီးစပ်ရာအကျဉ်းထောင်သို့ ပြောင်းရွှေ့နိုင်ရေး ဦးစားပေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    နွေရာသီတွင် သုံးရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် အစီအမံများ ကြိုတင်ပြု လုပ်သင့်ပါသည်။ သုံးရေထုတ်လုပ်နိုင်မှုနှင့် ခြွေတာသုံးစွဲရမည့်အခြေအနေများကို အကျဉ်းသားများအား ရှင်းလင်းပြောဆိုသင့်ပါသည်။

( ဇ)    အကျဉ်းသားဦးရေ တစ်ဝက်ကျော်သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးခံရသူများဖြစ်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက် သော ပညာပေးဆွေးနွေးမှုများကို အခါအားလျော်စွာ ပြုလုပ်သင့်ပါသည်။

( ဈ)    ဆောင်းရာသီတွင် ဖြစ်ပွါးတတ်သော ထုံနာ၊ ကျင်နာအပါအဝင် ရောဂါဝေဒနာများ အတွက် ပညာပေးဆွေးနွေးခြင်း၊ လိုအပ်သောဆေးဝါးများ ရှာဖွေစုဆောင်းထားခြင်း တို့ကို ပြုလုပ်သင့်ပါသည်။

မြိတ်အကျဉ်းထောင်

၄။      (က)    နေရာထိုင်ခင်း ကြပ်တည်းမှု လျော့နည်းစေရန်အတွက် အကျဉ်းသားအိပ်ဆောင်များ           တိုးချဲ့ဆောက်လုပ်ခြင်း၊ အချို့အကျဉ်းသားများကို ၎င်းတို့၏နေရပ်လိပ်စာနှင့် နီးစပ်           သောအကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်း စသည်တို့ကို ဆောင်ရွက်သင့်ပါသည်။

          ( ခ)    နေသား ၁၄ နှစ် ကျော်လွန်နေသည့်အကျဉ်းသား ၆ ဦး၏ပြစ်ဒဏ်များအား အကျဉ်း           ထောင်လက်စွဲဥပဒေနှင့်အညီ စဉ်းစားသုံးသပ်နိုင်ရန်အတွက် ဆောင်ရွက်သင့်ပါသည်။

          ( ဂ)    ထောင်တွင်းဆေးရုံ၏ရေလောင်းအိမ်သာတွင် အဖုံးထားရှိသလို ကျန်အိပ်ဆောင်များရှိ အိမ်သာများတွင်လည်း အဖုံးများ ထားရှိသင့်ပါသည်။

          (ဃ)    ဖွဲ့စည်းပုံအရ လစ်လပ်နေသော သူနာပြုနှင့် သားဖွားဆရာမများ ခန့်အပ်နိုင်ရေး           ဆောင်ရွက်သင့်ပါသည်။

       (င)    အကျဉ်းသား၊ အကျဉ်းသူဝတ်စုံများ လုံလောက်စွာရရှိရေး၊ သတ်မှတ်ကာလနှင့်အညီ           အကျဉ်းသား၊ အကျဉ်းသူများ သို့ ပေးအပ်နိုင်ရေး အလေးထား ဆောင်ရွက်သင့်ပါသည်။

     ( စ)    တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်ခြင်းမရှိသော အကျဉ်းသား၊ အကျဉ်းသူများက နီးစပ်ရာအကျဉ်းထောင်များသို့ ပြောင်းရွှေ့ရန်ဆန္ဒပြုလာပါက ဦးစားပေးဆောင်    ရွက်သင့်ပါသည်။

        (ဆ)    အချုပ်ကာလ ၆ လကျော်လွန်နေသော အချုပ်သား ၂၃ ဦးတို့အား အမြန်ဆုံးစစ်ဆေး စီရင်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်သင့်ပါသည်။

       ( ဇ)    သီးခြားအလုပ်ရုံ တည်ဆောက်၍ Vocational Training များကို စဉ်ဆက်မပြတ် ပြု လုပ်ပေးသင့်ပါသည်။

ကော့သောင်းမြို့မရဲစခန်း၊ အချုပ်ခန်း

၅။      ကော့သောင်းမြို့မရဲစခန်း၊ အချုပ်ခန်းနှင့်ပတ်သက်သော အကြံပြုတိုက်တွန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးရာတွင် ခုခံခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများ အား အချိန်နှင့်တစ်ပြေးညီ ဆေးဝါးကုသခြင်း၊ ဆေးစာမှတ်တမ်း ထားရှိခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

( ခ)    အချုပ်သားများအား သတ်မှတ်နှုန်းထားနှင့် ကိုက်ညီစွာ ထမင်းကျွေးမွေးရန် ကန်ထရိုက်များအား စစ်ဆေးကြပ်မတ် သင့်ပါသည်။

မြိတ်မြို့မရဲစခန်း၊ အချုပ်ခန်း

၆။      ရဲစခန်းအဝင် နံရံပေါ်၌ ဖော်ပြထားသော နိုင်ငံတော်မှ ခွင့်ပြုသတ်မှတ်နှုန်းထားများစာရင်း တွင် အချုပ်သား ကျွေးမွေးစရိတ်အား နောက်ဆုံးသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖော်ပြသင့်ပါ သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၉ ရက်