ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ဆေးရုံအချုပ်ခန်းနှင့် အလုပ်စခန်းများအား စစ်ဆေးခြင်း ဆောင်ရွက်ချက်အမှတ်စဉ် ( ၅/ ၂၀၁၇ / ကာကွယ်)

၁။      ရန်ကုန်တိုင်းဒေသကြီးအတွင်း၌-

(က)    ရဲအချုပ်ခန်းများ။ အရှေ့ပိုင်းခရိုင်တွင်(၂၄) ခု၊ အနောက်ပိုင်းခရိုင်တွင် (၁၆) ခု၊ တောင်ပိုင်းခရိုင်တွင် (၂၉) ခု၊ မြောက်ပိုင်းခရိုင်တွင် (၃၁) ခု စုစုပေါင်း (၁၀၀) ခု ရှိ ပါသည်။

(ခ)     တရားရုံးအချုပ်ခန်းများ။ အရှေ့ပိုင်းခရိုင်တွင် (၁၄) ခု၊ အနောက်ပိုင်းခရိုင်တွင် (၁၃) ခု၊ တောင်ပိုင်းခရိုင်တွင် (၁၀) ခု၊ မြောက်ပိုင်းခရိုင်တွင် (၈) ခု စုစုပေါင်း(၄၅) ခုရှိပါသည်။

(ဂ)     ဆေးရုံကြီးအချုပ်များ။ အရှေ့ပိုင်းခရိုင်ရှိ သင်္ဃန်းကျွန်းစံပြဆေးရုံ၊ အနောက်ပိုင်း ခရိုင်ရှိ ရန်ကုန်ဆေးရုံကြီး၊ တောင်ပိုင်းခရိုင်ရှိ သံလျင်ဆေးရုံကြီး၊ မြောက်ပိုင်းခရိုင်ရှိ အင်းစိန်ဆေးရုံကြီးတို့တွင် အကျဉ်းသားလူနာထားသည့် အချုပ်ခန်းများရှိပါသည်။

(ဃ)    အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်နှင့် အလုပ်စခန်းများ။ အင်းစိန်အကျဉ်းထောင်၊ တောင်ပိုင်းခရိုင်တွင် ရွှေသူဌေးနှင့် အောင်ချမ်းသာ၊ တောကြီးတန်း၊ မြောက်ပိုင်း ခရိုင်တွင် အိုင်ကလောင်၊ လှေလှော်အင်းနှင့် မင်းကုန်း အလုပ်စခန်းများရှိပါသည်။

၂။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် အကျဉ်းထောင်များ၊ ရဲစခန်းအချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းများနှင့် အကျဉ်းဦးစီးဌာန အလုပ်စခန်းများတွင် ကုလသမဂ္ဂမှ သတ်မှတ်ထားသော အနိမ့်ဆုံးလူ့အခွင့်အရေးစံနှုန်းများနှင့် ညီညွတ်ခြင်းရှိမရှိကို စဉ်ဆက်မပြတ် စစ်ဆေး အကြံပေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြောက်ပိုင်းခရိုင်ရှိ လှည်းကူးမြို့မ ရဲစခန်းအချုပ်ခန်း၊ လှည်းကူးတရားရုံးအချုပ်ခန်းနှင့် လှေလှော်အင်း၊ မင်းကုန်းအလုပ်စခန်း များအား၂၃-၂-၂၀၁၇ (ကြာသပတေး) နေ့တွင်လည်းကောင်း၊ အရှေ့ပိုင်းခရိုင်ရှိ သင်္ဃန်းကျွန်း မြို့မရဲစခန်း၊ သုဝဏ္ဏနယ်မြေ ရဲစခန်းနှင့် တောင်ဥက္ကလာပမြို့မရဲစခန်းများရှိ အချုပ်ခန်းများ၊ သင်္ဃန်းကျွန်းနှင့်တောင်ဥက္ကလာပမြို့နယ် တရားရုံးများရှိ အချုပ်ခန်းများအား၂၇-၂-၂၀၁၇ (တနင်္လာ) နေ့တွင်လည်းကောင်း စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

၃။      ကျန်အချုပ်ခန်းနှင့် အလုပ်စခန်းများအနက် အောက်ပါတို့အားယှဉ်တွဲဖော်ပြပါနေ့ရက်များ တွင် ဆက်လက် သွားရောက်စစ်ဆေးရန်စီစဉ်ထားပါသည်-

(က)    ၆-၃-၂၀၁၇ (သောကြာ) နေ့။ တောင်ပိုင်းခရိုင်ရှိ တွံတေးရဲစခန်းအချုပ်ခန်း၊ တွံတေး မြို့နယ် တရားရုံးအချုပ်ခန်းနှင့် ရွှေသူဌေး၊ တောကြီးတန်း အလုပ် စခန်းများ၊

(ခ)     ၉-၃-၂၀၁၇ (တနင်္လာ) နေ့။ အနောက်ပိုင်းခရိုင်ရှိ ကျောက်တံတားရဲစခန်းနှင့် လသာရဲစခန်းများရှိအချုပ်ခန်းများ၊ ကျောက်တံတားနှင့် လသာ တရားရုံး များရှိ အချုပ်ခန်းများ၊ ရန်ကုန်ကုတင် (၁၀၀၀) ဆံ့ဆေးရုံကြီးအချုပ်ခန်း။

၄။      ကျန်ရှိနေသောအချုပ်ခန်းများနှင့် အလုပ်စခန်းများအားအခါအားလျော်စွာအစီအစဉ်ရေးဆွဲ၍ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

                                                                     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်